ကျွန်းစုမြို့နယ်၌ မြန်မာအက္ခရာ အမြင်အာရုံစစ်ဇယားဖြင့် အမြင်အာရုံစစ်ဆေးခြင်းဆောင်ရွက်

ကျွန်းစု ဇူလိုင် ၇

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ၏ မျက်စိကျန်းမာ ရေးကို မြန်မာအက္ခရာ (င၊ ဂ၊ ပ၊ ၁) ပါဝင်သော အမြင်အာရုံစစ်ဇယားဖြင့် အမြင်အာရုံစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

စစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများက အဆိုပါကျောင်းရှိ Grade-5 မှ Grade-12 တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား မြန်မာ အက္ခရာ (င၊ ဂ၊ ပ၊ ၁) ပါဝင်သော အမြင်အာရုံစစ်ဇယားကို အသုံးပြု၍ အဝေးမြင်အာရုံကို စနစ်တကျ စစ်ဆေးပေးခဲ့ပြီး အမြင်အာရုံချို့ယွင်းမှု တွေ့ရှိသူများအား လိုအပ်သည့် ကျန်းမာရေးနှင့်  ဆက်လက်စစ်ဆေးကုသမှု ခံယူနိုင်ရေးအတွက် အကြံပြုချက်များအား အသိပညာပေး ပြောကြားခဲ့သည်။

အဆိုပါ အမြင်အာရုံစစ်ဆေးခြင်းသည် ကျောင်းသား၊ ကျောင်းသူများ၏ မျက်စိကျန်းမာရေးကို မြှင့်တင်ပေးနိုင်ရေး၊ အမြင်အာရုံချို့ယွင်းမှုများကို စောစီးစွာ ရှာဖွေဖော်ထုတ်နိုင်ရေး၊ လိုအပ်သူများအား အချိန်မီ ကုသမှုခံယူနိုင်ရေးနှင့် ပညာသင်ယူမှုအရည်အသွေး ပိုမိုတိုးတက်စေရေးတို့ကို ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထက်မြင့် (ကျွန်းစု)