မြိတ် ဇူလိုင် ၇
မြိတ်တက္ကသိုလ်တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်ရေကူး အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် မြိတ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အခြေခံရေကူးသင်တန်းဆင်းပွဲ၊ ရေကူးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့က မြိတ်မြို့ ချောင်းကူးငယ် ကျေးရွာ၊ ဓနိရေချိုလမ်းရှိ Power Point Amusement Park တွင် ကျင်းပသည်။
အခြေခံရေကူး သင်တန်းကို ဇွန်(၂၉)ရက်နေ့မှ ဇူလိုင်(၃)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ဘာသာရပ်အသီးသီးမှ သင်တန်းသား(၁၂)ဦးနှင့် သင်တန်းသူ(၇)ဦး တက်ရောက်ခဲ့ကြ၍ သင်တန်းနည်းပြ (၃)ဦးမှ သင်ကြားပေးခဲ့သည်။ သင်တန်းဆင်းပြိုင်ပွဲကို ဇူလိုင်(၆)ရက်နေ့တွင် ကျင်းပ၍ အမျိုးသမီး မီတာ(၅၀) ပြိုင်ပွဲနှင့်အမျိုးသား မီတာ(၅၀)/(၁၀၀)ပြိုင်ပွဲများကျင်းပရာ ဘာသာရပ်အသီးသီးမှ သင်တန်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဝင်းဝင်းအိက အဖွင့်အမှာစကားပြောကြားပြီး Power Point Amusement Park မိသားစုဝင်အား ဂုဏ်ပြုမှတ်တမ်းလွှာ၊ သင်တန်းနည်းပြ ဂုဏ်ပြုမှတ်တမ်းလွှာများ၊ သင်တန်းဆင်းလက်မှတ်များ၊ အမျိုးသားပြိုင်ပွဲများနှင့် အမျိုးသမီးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယနှင့်တတိယဆု ရရှိကြသူများကို ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)