ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ ဌာနေကိုယ်စားလှယ်  Mr.Jaime Nadal Roig နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ၊ ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ(၂/၂၀၂၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

စစ်တွေ  ဇူလိုင် ၇

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်အစိုးအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ဧည့်ခန်းမ၌ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (United Nations Population Fund- UNFPA) ၏ ဌာနေကိုယ်စားလှယ်  Mr. Jaime Nadal Roig နှင့်အဖွဲ့အားလက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ရခိုင်ပြည်နယ်တွင် လတ်တလောအနေဖြင့် Relief International (RI)၊ မြန်မာနိုင်ငံဆရာအသင်းတို့နှင့်ပူးပေါင်း၍ ရွေ့လျားဆေးခန်းများ၊ ကိုယ်ဝန်ဆောင်နှင့် မျိုးဆက်ပွား ကျန်းမာရေး ဝန်ဆောင်မှုများ၊ အရေးပေါ်ဆေးကုသစရိတ် ထောက်ပံ့ပေးခြင်း၊ မွေးဖွားမိခင်များအား မွေးသန့်ထုပ်များ ဖြန့်ဝေခြင်းတို့ကို စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာစခန်းများ၊ IDPs စခန်းများတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်ချက်များနှင့် ရခိုင်ပြည်နယ် ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှုများ၊ အမျိုးသမီးများဘဝ တိုးတက်မြင့်မားရေး စီမံကိန်းအနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ယာယီနေရပ်စွန့်ခွာ စခန်းများတွင် အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ရေး အသိပညာပေးခြင်း၊ အမျိုးသမီးများအတွက် တကိုယ်ရည်သုံးပစ္စည်းများ ဖြန့်ဝေခြင်းများ ဆောင်ရွက်နေမှုတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ဇူလိုင်လ၆ ရက်နေ့ ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ(၂/၂၀၂၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အနေဖြင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းမှတဆင့်နိုင်ငံတော်ဝင်ငွေကို တစ်ဖက်တစ်လမ်းမှ ရရှိအောင် ကြိုးစားဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာ လုပ်ငန်းများအနေဖြင့် ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသခံများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာစေရန် အတွက် ကော်မတီဝင်များအနေဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြ စေလိုကြောင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ကျော်မိုးက ရခိုင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူးက သက်ဆိုင်ရာဝန်ဆောင်မှု ကဏ္ဍအလိုက် လုပ်ငန်းလိုင်စင် လျှောက်ထားမှုဆိုင်ရာ အမှာစာများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်အတွင်း၌ ဟိုတယ်နှင့်ခရီးသွားကဏ္ဍစနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုး တိုးတက်နိုင်ရေးအတွက် တက်ရောက်လာသောကော်မတီအဖွဲ့ဝင်များက အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)