လိပ်သိုမြို့လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး (Book Club) အဖွဲ့ဝင်များစာဖတ်ဝိုင်းပြုလုပ်

လိပ်သို ဇူလိုင် ၇

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် စာရေးဆရာ ရွှေဉဒေါင်း ရေးသားသော “ အကြံဉာဏ်ဖြင့် ကြီးပွားရေး” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဉီးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာဖတ်ခြင်းသည် ဘဝလမ်းကိုအားမာန်ဖြင့် လျှောက်လှမ်းစလူငယ်များကို တစ်ဉီးချင်းတိုးတက်ပြောင်းလဲစေနိုင်သဖြင့် စာပေများ ဖတ်ရှုလေ့လာရန်လိုအပ်ကြောင်း၊ စာဖတ်ဝိုင်း‌ဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်းနှင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ 

ထို့နောက် စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် နော်ဆုဝတီထိုက်က “ ဇွဲကောင်းခြင်း " ခေါင်းစဉ်အောက်မှ “များစွာသောလူတို့သည် အခက်အခဲအနှောင့်အယှက်များနှင့် တွေ့ရသည်နှင့်တပြိုင်နက် မိမိတို့၏ ရည်မှန်းချက်များကိုစွန့်လွှတ်၍ လက်လျှော့တတ်ကြကြောင်း၊ ဇွဲကောင်းခြင်းဟူသော အရည်အချင်းသည် အနည်းငယ်မျှသော လူတို့၌သာ ပင်ကိုယ်အားဖြင့် ပါလာတတ်သော်လည်း မဆုတ်မနစ်ကြိုးစားအားထုတ်ပါက ဇွဲကောင်းသောသူဖြစ်လာမှာ သေချာကြောင်း” ဆွေးနွေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်းအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

စာရေးဆရာ ရွှေဉဒေါင်းရေးသားသော “အကြံဉာဏ်ဖြင့် ကြီးပွားရေး” စာအုပ်အား ဖတ်ရှုခြင်းဖြင့် အောင်မြင်ခြင်းလမ်းကြောင်းပေါ်ရောက်ဖို့ လိုအပ်သောအခြေခံသဘောတရားများကို သိရှိနိုင်မှာဖြစ်ကြောင်း သိရသည်။

နော်ဖလောရင်း