သံတောင်ကြီး ဇူလိုင် ၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် မွေးစမှအသက် တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် သံတောင်ကြီးမြို့နယ်ရှိ မွေးစမှအသက်တစ်နှစ်ခွဲအောက် ကလေးငယ်များကို အသက်အရွယ်အပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးများဖြစ်သည့် ဆုံဆို့၊ ကြက်ညှာ၊မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်ငါးမျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောဖြစ်စေတတ်သော ရိုတ(Rota)ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့်ကိုယ်ဝန်ဆောင် မိခင်များ အား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ကျန်းမာရေးဆရာမဒေါ်နော်နီကမွီးနှင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သံတောင်ကြီးမြို့နယ်အတွင်းရှိ မွေးစမှအသက်တစ်နှစ်ခွဲအောက် ကလေးငယ်များ ကျန်းမာသန်စွမ်းပြီး ရောဂါဘယကင်းဝေးစေရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပုံမှန်ကာကွယ်ဆေးများ လစဉ် ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
နော်နော်မူ