ထားဝယ် ဇူလိုင် ၆
တနင်္သာရီတိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုယနေ့မွန်းလွဲ ၁ နာရီခွဲက ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦးက လူသားများအတွက် စားနပ် ရိက္ခာဖူလုံရေးသည် အရေးကြီးပြီးနိုင်ငံအနေဖြင့် အဆင့်မြင့်ကုန်ချောထုတ်လုပ်မှုစွမ်းအား အားနည်းခြင်းကြောင့် အခြားနိုင်ငံများကို မှီခိုနေရသဖြင့် ဒေသအတွင်း အဆင့်မြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆန်၊ ဆီ၊ သားငါး ဖူလုံရေးအတွက် ဆောင်ရွက်သည့်နေရာတွင် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအပြင် ဒေသဝမ်းစာ ဖူလုံရေးအတွက် စီမံဆောင်ရွက်မည့် နည်းလမ်းများကို ကြိုတင်ဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးသည် ဆီဖူလုံမှုရှိသောဒေသတစ်ခုဖြစ်ပြီး ဆီအုန်းများစွာစိုက်ပျိုးထားရှိကာ ဒေသအတွင်း ဆီချောစက်ရုံအမြန်ဆုံးဆောက်လုပ်နိုင်ရေးအတွက်ဒေသခံလုပ်ငန်းရှင်များကိုစည်းရုံးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရန် အမြဲတီထွင်ကြံဆနေရမှာဖြစ်ပြီးစပါးနှင့် သီးနှံစိုက်ပျိုးမြေများမပျက်စီးစေရန်ဓာတ်မြေဩဇာအစား သဘာဝမြေဩဇာပြောင်းလဲသုံးစွဲနိုင် ရေးအစဉ်အလာဖြစ်အောင်ဩဂဲနစ် စိုက်ပျိုးခြင်းနှင့်စိုက်ပျိုးရေးဇုန်၊ မွေးမြူရေးဇုန်များ ဆောင်ရွက်နိုင်ရေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် နည်းပညာပေးသင်တန်းများဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ပေးရမည့်လုပ်ငန်းများရှိပါကအကြံပြုတင်ပြပေးကြရန်လိုအပ်ကြောင်း၊ ဆန်စက်များအဆင့်မြင့်တင်နိုင်ရေးအတွက် လိုအပ်သော ချေးငွေရရှိရေး နည်းပညာထောက်ပံ့ရေးအပြင် မြေယာအသုံးချခွင့်များ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးနည်းဥပဒေများနှင့်အညီ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ငါး၊ ပုစွန်မွေးမြူရေးကို တိုးချဲ့မွေးမြူနိုင်ရန်ထားဝယ်ဒေသတွင်ငါးပုစွန် မွေးမြူရေးလုပ်ငန်းများပေါ်ထွန်လာရေးအတွက် ဒေသခံများကို စည်းရုံးဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ကြက်၊ ဝက်၊ နွားစသဖြင့် တိုးချဲ့မွေးမြူနိုင်ရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှရင်းနှီးမတည်ငွေထုတ်ချေးပေးသွား နိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ကြက်၊ ဝက်၊ နွား၊မွေးမြူရေးကို စံပြအနေဖြင့်မွေးမြူနိုင်ရေးအတွက် စီမံချက်များရေးဆွဲတင်ပြပေးကြရန်လိုအပ်ကြောင်း၊ ငါးလုပ်ငန်းသုတေသန ရန်ပုံငွေထူထောင်ထားပြီးဖြစ်သောကြောင့် အကျိုးရှိစွာအသုံးပြုရန် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုများတွင် အဓိကကျသည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် စေရေးအတွက် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းသား အင်အားများပိုမိုရရှိစေရေးကိုလည်း စည်းရုံးဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သိသာထင်ရှားစွာ တိုးတက်ဆောင်ရွက်သွား ရမည် ဖြစ်ကြောင်း၊ ဌာနများအနေဖြင့် လုပ်ငန်းများဆောင်ရွက်သည့် အခါ AI နည်းပညာများကိုလေ့လာထားရှိရန်လိုအပ်ပြီး AI နည်းပညာများဖြင့် စိုက်ပျိုးမွေးမြူရေးနည်းပညာများပေါင်းစပ်ပြီး ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန်လိုအပ် ကြောင်း၊တက်ရောက်လာသူများအနေဖြင့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးမွေးမြူရေး တိုးတက်စေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပူးပေါင်းဆောင်ရွက် ထားရှိသည့်လုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ကျော်ကျော်ဦး က လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)