ထားဝယ် ဇူလိုင် ၆
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရုရှားဘာသာစကား အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦးက တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ထားဝယ်ရေနက်ဆိပ်ကမ်းသည် အာဆီယံနိုင်ငံများနှင့် အနောက်နိုင်ငံများအကြား ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးများအရ မဟာဗျူဟာကျသော တံခါးပေါက်အဖြစ် ဆက်စပ်မှုရှိပြီး အိန္ဒိယသမုဒ္ဒရာနှင့် တရုတ်ပင်လယ်အား ဆက်သွယ်ပေးသည့် မြန်မာနိုင်ငံ၏အကြီးဆုံး ရေနက်ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း၊ ထိုင်း၊ မြန်မာ အဓိကစီးပွားရေး လမ်းကြောင်းတစ်ခုဖြစ်ပြီး တောင်ပိုင်းစီးပွားရေး စင်္ကြန်တစ်ခုဖြစ်ကာလူသားအရင်းအမြစ်ဖွံ့ ဖြိုးရေးအတွက်အရေးပါသော ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ရပ်တန့်နေခဲ့သော်လည်း လက်ရှိတွင် ရုရှားနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာရေးထိုးထားပြီးဖြစ်ကြောင်း၊ယနေ့ခေတ်တွင် နည်းပညာများတိုးတက်နေသည်နှင့်အညီ မိမိတို့ မိခင်ဘာသာစကားအပြင် အခြားနိုင်ငံတကာသုံးဘာသာစကားများကိုလည်း တတ်မြောက်ထားဖို့လိုကြောင်း၊ ယခုဖွင့်လှစ်သည့် ရုရားဘာသာစကားသင်တန်းသည် မိမိတိုနိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး၊ သံတမန်ရေးရာနှင့် နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍများအတွက် များစွာအထောက်အကူပြုမှာဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းနှင့်စီးပွားရေး လုပ်ငန်းများအတွက်အချက်အချာကျသော မိမိတို့တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး ရည်ရွယ်ပြီးဖွင့်လှစ်သည့်သင်တန်းဖြစ်သည့်အတွက် သင်တန်းသားသင်တန်းသူများအနေဖြင့် ရရှိလာသည့်အခွင့်အရေးများကို လက်လွတ်ဆုံးရှုံးမခံဘဲ ကြိုးစားသင်ယူပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ရုရှားဘာသာစကားအခြေခံသင်တန်းအတွက် ငွေကျပ်သိန်း(၁၀၀)ပေးအပ်ရာ တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောမာတင်လူသာက လက်ခံယူပြီး သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများပေးအပ်သည်။
ဆက်လက်၍ တိုင်းရင်းသားများက တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကဖြင့် ကပြဖျော်ဖြေနေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများက ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြသည်။
သင်တန်းတွင် သင်တန်းသား/သင်တန်းသူ(၁၈)ဦး တက်ရောက်ကြပြီး နည်းပြများက ဇူလိုင် (၆)ရက်မှ (၃၁) ရက်အထိ စာတွေ့လက်တွေ့ လေ့ကျင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)