ကန့်ဘလူ ဇူလိုင် ၅
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ် (၁) အခြေခံပညာအထက် တန်းကျောင်းအဝင် ကတ္တရာထပ်ပိုးလွှာလမ်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီအချိန်ကကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်မိသားစုများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ဇော်ဦးက အဖွင့်အမှာစကား ပြောကြားပြီး အလှူရှင် ဦးနွေဦးက ကျောင်းအဝင်လမ်း ကတ္တရာထပ်ပိုးလွှာခင်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ အ.ထ.က(၁)ကန့်ဘလူ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာအေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ဖဲကြိုးဖြတ်ခြင်းအစီအစဉ်အရ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ဇော်ဦး၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး သန်းကျော်၊ ခရိုင်ပညာရေးမှူး ဒေါ်စုစုဌေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦးနှင့်အလှူရှင် ဦးနွေဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကာ တာဝန်ရှိသူများက ကတ္တရာထပ်ပိုးလွှာလမ်းအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါလမ်းသည် အရှည် ၃၄၂ ပေ၊ အကျယ် ၁၂ ဒသမ ၆ ပေရှိပြီး ငွေကျပ်သိန်း ၁၈၀ ကုန်ကျကြကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ ရာသီမရွေး သွားလာနိုင်ရန်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)