ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး မူလတန်းကြိုကျောင်းများ အဆင့်မြင့်တင်ရေး၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

စစ်တွေ    ဇူလိုင်   ၅

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ထက်စန္ဒာကျော်၊ ပြည်နယ်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ရှိ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းပိုင်မူလတန်းကြိုကျောင်းနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ပြည်တော်သာရပ်ရွက်ရှိ  မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြိုကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ် ဝန်ကြီးချုပ်က ကျောင်းအဆင့်မြင့်တင်ဆောင်ရွက်နိုင်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်း  သာယာလှ ပရေး အရိပ်ရပင်များအား အောက်ခြေရှင်း အလင်းဖွင့်ဆောင်ရွက်နိုင်ရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ရေအိမ်များစနစ်တကျ ကောင်းမွန်စွာအသုံးပြုနိုင်ရေး၊ သန့်ရှင်သော သောက်သုံးရေရရှိရေး၊ ဆိုလာစနစ်ဖြင့် လိုအပ်သော လျှပ်စစ်မီးရရှိအသုံးပြုနိုင်ရေး၊ မိမိတို့ကလေးငယ်များနှင့် အနီးပတ်ဝန်းကျင် ရှိကလေးငယ်များ မူကြိုတက်ရောက်နိုင်ရေး၊ မူကြိုကျောင်းများ၊ မိခင်ဝိုင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ပြောကြားပြီး အဆိုပါ ကျောင်းခြံအတွင်း  လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနသို့ သွားရောက်ကြပြီး ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက လုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ် ဝန်ကြီးချုပ်က သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးပေးကာ လိုအပ်သည်များကို မှာကြားခဲ့ပြီး ဝန်ထမ်းများအားရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။

 ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရုံးအတွင်းရှိ သားဖောက်ရုံ၊ ပိုးသတ်ကန်၊ ကမ်းဝေးငါးဖမ်း ရေယာဉ်စောင့်ကြည့်ထိန်းချုပ်ခန်း၊ ရေထွက်ပစ္စည်းပြည်ပပို့ကုန်နှင့် ရေအရည်အသွေး စစ်ဆေးရေးဓာတ်ခွဲခန်း  နှင့် မွေးမြူရေးမြေသားကန်တို့ကို လည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လုပ်ငန်းများ လည်ပတ်နိုင်ရေး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ အိုးသူကြီး ရခိုင်ဒေသထွက် စားသောက်ကုန်ထုတ်လုပ်ငန်းစက်ရုံအားလည်းကောင်း၊ ရာဇာတီရှူး၊ စက္ကူနှင့် ကုန်ထုတ်လုပ်ငန်း စွမ်းအားစုစက်ရုံများအား လည်းကောင်း သွားရောက်ကြည့်ရှုကြရာ သက်ဆိုင်ရာ တာဝန်ရှိ သူများက လိုက်လံရှင်းလင်းပြသကြပြီး ပြည်နယ်ဝန်ကြီးချုပ်က MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်လာစေ ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းဂံရပ်ကွက်အတွင်း ရေစီးရေလာကောင်းမွန်ရေး  အတွက် ရေမြောင်းများ တူးဖော်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးကြရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သတင်း  ရရှိသည်။

တင်ထွန်း(ပြန်/ဆက်)