သရက်ချောင်း ဇူလိုင် ၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ (အ.မ.က)ပန်းတော(မူလွန်) ကျောင်းတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးသင်တန်းကျောင်းတက်နိုင်ရေးအသိပညာပေးဟောပြောပွဲကို ကျောင်းသား၊ ကျောင်းသူ မိဘများဖြင့် ယမန်နေ့ကကျင်းပခဲ့သည်။
ဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာလမင်းကိုကိုက ကျောင်းသား/သူ မိဘများအား စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်းတက်ရောက်နိုင်ရေးအသိပညာပေးဟောပြောရာတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း သင်တန်းကျောင်းတက်ရောက်အောင်မြင်ပြီး ကျောင်းသား/သူများသည်ရမှတ်အလိုက် မွေးမြူရေးဘွဲ့နှင့် တိရစ္ဆာန်ဆေးသိပ္ပံဘွဲ့များကို တက်ရောက်သင်ကြားနိုင်မည်ဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များဖြစ်သည့် စက်မှုနှင့်ဆိုင်သော တက္ကသိုလ်များ၊ စိုက်ပျိုးရေးနှင့်ဆိုင်သော တက္ကသိုလ်များ၊ မွေးမြူရေးနှင့်ဆိုင်သော တက္ကသိုလ်များတွင် ပညာဆက်လက်သင်ကြားနိုင်ပြီး အလုပ်ကိုင်အခွင့်အလမ်းများရရှိနိုင်ကြောင်းအသိပညာပေးဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲသို့ (အ-မ-က)ပန်းတောမူလွန်ကျောင်းမှ ကျောင်းသား/သူမိဘ ၈၅ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)