မက်မန်း ဇူလိုင် ၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ရောက်ရှိသည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင်လ ၃ ရက်နေ့၊ နံနက် ၇ နာရီအချိန်က မက်မန်းမြို့ အမှတ်(၁)ရပ်ကွက်၊ ဘောလုံးကွင်းအဝင်လမ်း ဘယ်ဘက်အခြမ်းတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ အတွင်ရေးမှူး ဦးကျော်မြင့်လှိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးညီညီလွင်၊ မက်မန်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခမ်းလူ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလင်းအောင် တို့က ပျိုးပင်များပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။ သစ်ပင်စိုက်ပျိုးပွဲတွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ အတွင်ရေးမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခမ်းလူ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်နာဘို၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နှင်းယုဝေနှင့် တိုင်း/ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများက မယ်ဇလီပင် (၁၆၀)ကို သတ်မှတ်နေရာများတွင် စိုက်ပျိုးခဲ့ကြသည်။
ဆက်လက်၍ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို နံနက် ၁၀ နာရီအချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်နာဘိုက မြန်မာအမျိုးသမီးများနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နှင်းယုဝေက အမျိုးသမီးရေးရာအဖွဲ့များမှ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် “မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အဆိုပါ မြန်မာအမျိုးသမီးများနေ့အခမ်းအနားသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ အတွင်ရေးမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခမ်းလူ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်နာဘို၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နှင်းယုဝေနှင့် တိုင်း/ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ရှမ်း၊ လွယ်လ၊ လားဟူတိုင်းရင်းသား လူငယ်မောင်မယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)