လားရှိုးမြို့ အောင်မင်္ဂလာဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းနှင့် လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

လားရှိုး ဇူလိုင် ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မီးဘေးအန္တရာယ်မှကင်းဝေးစေရေးအတွက် အောင်မင်္ဂလာဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းနှင့် လက်တွေ့သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ဇူလိုင်လ ၃ ရက်က အမှတ် (၅) ရပ်ကွက်ရှိ အဆိုပါဈေး၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမင်းမင်းသစ် ဦးဆောင်၍ မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ အဖွဲ့ဝင်များ၊ အောင်မင်္ဂလာဈေးမှ တာဝန်ရှိသူများနှင့် သန္ဓေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်း၊ စုပေါင်းမီးငြှိမ်းသတ်ခြင်း၊ ဈေးသား၊ ဈေးသူများက မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်းနှင့် အရေးပေါ် လူနာကူညီကယ်ဆယ်နည်းများအား လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်နေမှုအား တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လူမော်(ပြန်/ဆက်)