မူဆယ်မြို့ အ.လ.က(၁)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

မူဆယ် ဇူလိုင် ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို မူဆယ်မြို့ အ.လ.က(၁)ကျောင်းတွင် ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝေဖြိုးအောင်က မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်ကျင်ထိန်းသိမ်းရေးဆိုင်ရာနှင့် သစ်ပင်စိုက်ပျိုးပုံများကို ဆွေးနွေးဟောပြောခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဇော်ဦးက လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက ကလေးစစ်မှုထမ်း ဥပဒေအကြောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဇာဖြိုးလွင်က စာဖတ်ပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဆိုင်းမိုင်က ကလေးအလုပ်သမားပပျောက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

ဟောပြောပွဲအပြီးတွင် ခင်းကျင်းပြသထားသည့် လူငယ်ရေးရာအသိပညာပေး၊ အာဇာနည်နေ့အကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ပြိုင်ပွဲတွင် ဆုရပန်းချီကားပြဘုတ်များနှင့် သုတ/ရသစာအုပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုမှတ်သားကြကြောင်း သိရှိရပါသည်။

ခရိုင်(ပြန်/ဆက်)