ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ စိုက်ပျိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ်အတွင်းရှိဝန်ထမ်းများအား တွေ့ဆုံအားပေး

တောင်ကြီး ဇူလိုင် ၄

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေသည် စိုက်ပျိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ်အတွင်းရှိ ဝန်ထမ်းများအား ဇူလိုင်လ (၃)ရက်နေ့၊ မွန်းလွဲပိုင်းက ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ သွားရောက်  တွေ့ဆုံအားပေးသည်။

ဦးစွာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေက အဖွင့်အမှာစကားပြောကြားရာတွင် စိုက်ပျိုးတောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်သုံးစွဲရန်လိုအပ်ပြီး၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်ပါက သီးနှံများအထွက်နှုန်း တိုးတက်လာမည်ဖြစ်ပါကြောင်း၊ သို့မှသာ ဒေသဝမ်းစာဖူလုံမှု တိုးတက်လာမည်ဖြစ်ပြီး၊ ပြည်ပသို့ပါတင်ပို့လာနိုင်မည်ဖြစ်ပါကြောင်း၊ လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ တောင်သူများနှင့် သက်ဆိုင်ရာဌာနများအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ခြံ၊ စိုက်ကွင်း တာဝန်ခံများမှ တစ်ဦးချင်းမိတ်ဆက်ကြပြီး၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ကဏ္ဍ အလိုက် ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဓာတ်ခွဲခန်း၊ မျိုးစေ့အရည်အသွေးစစ်ဆေးခန်း၊ မြေဆီလွှာဓာတ်ခွဲခန်းများအား ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများက လိုက်ပါရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထက်ဝေ(ပြန်/ဆက်)