ရှမ်းပြည်နယ် တောင်ကြီးမြို့၌ နှစ်(၃၀)ပြည့်  ပုလဲရတု မြန်မာအမျိုးသမီးများနေ့အခမ်းအနား ကျင်းပ

တောင်ကြီး ဇူလိုင် ၄

မြန်မာအမျိုးသမီးများ၏ ဘက်စုံစွမ်းဆောင်ရည်များ ပိုမိုမြင့်မားလားစေရန်နှင့် လူမှုအသိုင်းဝိုင်းတွင်ပါဝင်မှုကဏ္ဍ ပိုမိုမြင့်မားလာစေရန်ရည်ရွယ်၍ နှစ်(၃၀)ပြည့်ပုလဲရတု  မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တောင်ကြီးမြို့ မြို့တော်ခမ်းမ၌ကျင်းပရာ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့်ဇနီး၊ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးများ ပြည်နယ်/ခရိုင်မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြောင်း သိရသည်။

ဦးစွာ ရှမ်းပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူက အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသမီးများကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်များကို မူဝါဒ(၄)ရပ်၊ လုပ်ငန်းတာဝန်(၇)ရပ်ဖြင့် ချမှတ်အကောင်ထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း အမျိူးသမီးများ အသက်မွေးဝမ်းပညာများ တတ်မြောက်ပြီး စွမ်းဆောင်ရည်မြင့်မားစေရန်နှင့် ဝင်ငွေရလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရွာငံအိမ်တွင်းမှု သက်မွေးလုပ်ငန်းကျောင်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သက်ဆိုင်ရာဌာနများအလိုက် သက်မွေးသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ ပြည်နယ်အတွင်းရှိ အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ၏ စွမ်းဆောင်ရည်များမြင့်မားလာပြီး ကဏ္ဍအသီးသီးတွင် အခွင့်လမ်းများဖော်ဆောင်ပေးနိုင်ရန် အားလုံးကဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။ ထို့နောက် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ပေးပို့သော Video Clip ကိုပြသရာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် အခမ်းနားသို့ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြကြောင်းသိရသည်။ ယင်းနောက် တောင်ကြီးမူကြိုမှ မူကြိုကလေးငယ်များက “မြန်မာမလေးပါရှင့်” သီချင်းဖြင့်လည်းကောင်း၊ ဓမ္မဝိဓူပရဟိတဂေဟာမှ ကလေးငယ်များက “မင်္ဂလာပါ” သီချင်းဖြင့်လည်းကောင်း၊ ဒေါ်ကြီး/ဒေါ်ငယ် ပရဟိတ‌ဂေဟာမှ ကလေးငယ်များက “ထာဝရသစ္စာ” သီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြောင်း သိရသည်။ ယင်းနောက် ထူးချွန်အမျိုးသမီးများနှင့် ကပြဖျော်ဖြေသောအဖွဲ့များကို ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ဇနီး ဒေါ်ခိုင်ဇာလင်းနောင်၊ ရှမ်းပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်း၊ ရှမ်းပြည်နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူနှင့် ပြည်နယ်တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးများက ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။ ထို့နောက် ခန်းမတွင်းပြသထားသော ဓာတ်ပုံပြခန်းနှင့် စျေးရောင်းပွဲအား ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

မင်းသန့်(ပြန်/ဆက်)