တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ် ဦးထိန်လင်းကျော် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဆင်းပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ် ဇူလိုင် ၄

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ ဦးဆောင်၍ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက ထားဝယ်မြို့နယ်စုပေါင်းရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဥပဒေချုပ်ဦးထိန်လင်းကျော်က ဥပဒေရေးရာ ဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ ဦးဆောင်၍ သင်တန်းကို (၃) ရက်ကြာ ဖွင့်လှစ်ပို့ချပေးခဲ့ပြီးဖြစ်ကြောင်း၊  သင်တန်းသား/သူများ အနေဖြင့် သင်တန်းကပို့ချပေးလိုက်သော အတွေ့အကြုံဗဟုသုတများကို ရပ်ကွက်၊ ကျေးရွာအုပ်စုမှာရှိသည့် ပြည်သူများထံ ဥပဒေအသိပညာပြန့်ပွားအောင်ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် ကျေးရွာတာဝန်ခံများမှတဆင့် ဆက်လက်မျှဝေဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တရားဥပဒေစိုးမိုးမှု၊ အများပြည်သူများက ဥပဒေအကူအညီရရှိရန်အတွက် ဥပဒေအသိပညာသည် အရေးကြီးကြောင်း၊ သင်တန်းပြီးမြောက်အောင်မြင်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသော သက်ဆိုင်ရာတာဝန်ရှိသူများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဥပဒေချုပ်နှင့်တာဝန်ရှိသူများက သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား ဆုချီးမြှင့်ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။

ဆက်လက်၍ တာဝန်ရှိသူများကသင်တန်းသားရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)