စစ်တွေ ဇူလိုင် ၄
မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ထက်စန္ဒာကျော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာရခိုင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှ လှပျိုဖြူများက “မြန်မာအမျိုးသမီးလေးပါ” သီချင်းဖြင့်ကပြဖျော်ဖြေကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့သည် မြန်မာနိုင်ငံဒေသအသီးသီးတွင် နေထိုင်ကြသည့် မြန်မာအမျိုးသမီးများအားလုံးအတွက် နေ့ထူးနေ့မြတ် နေ့တစ်နေ့ဖြစ်ကြောင်း၊ ယနေ့ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့တွင် ထူးချွန်သည့် အမျိုးသမီးများကို ဂုဏ်ပြုချီးမြှင့်သောနေ့ ဖြစ်သည့်အတွက် မြန်မာအမျိုးသမီးများအားလုံးကို လှိုက်လှိုက်လှဲလှဲဂုဏ်ယူကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဖွဲ့စည်းခဲ့သည့် ဇူလိုင်လ (၃) ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် နိုင်ငံတော်က သတ်မှတ်ပြဋ္ဌာန်းခဲ့ပြီး ၁၉၉၈ ခုနှစ်ကစ၍ မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ်ကျင်းပခဲ့ကြကြောင်း၊ မြန်မာအမျိုးသမီးများ၏ ထူးချွန်ထက်မြက်သည့် စွမ်းဆောင်ရည်ကောင်းများ၊ လေးစားဂုဏ်ယူဖွယ် ဂုဏ်ဒြပ်များနှင့် အရေးပါသည့် အခန်းကဏ္ဍကို ထင်ဟပ်ပေါ်လွင်စေရန် မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှုကို အသိအမှတ်ပြုအလေးထား ဂုဏ်ပြုသည့်အနေဖြင့် ယခုကဲ့သို့ မြန်မာအမျိုးသမီးများနေ့ကို နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနား နှစ်စဉ်ကျင်းပပေးနေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုသည့် အမျိုးသမီးများသည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးတွင် အရေးပါသော အင်အားစုတစ်ရပ်ဖြစ်ပြီး နိုင်ငံအတွက်အလွန်အဖိုးတန်သော လူသားအရင်းအမြစ်များဖြစ်ကြောင်း၊ မိသားစု၊ လူ့အဖွဲ့အစည်းများကတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် ကဏ္ဍစုံမှဖွံ့ဖြိုးတိုးတက်ရေးကိုမြှင့်တင်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ အမျိုးသမီး၊ အမျိုးသားအားလုံး တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ကာ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်များမှာ အမျိုးသမီးထုကြီး၏အင်အားဖြင့် အကောင်အထည်ဖော်ကြရန်နှင့် မြန်မာအမျိုးသမီးများ၏ အခွင့်အရေးများ အလေးထားဆောင်ရွက်ကာ စွမ်းဆောင်ရည်များ ဖော်ထုတ်ပေးနိုင်ရန် ယနေ့ကျရောက်သည့် မြန်မာအမျိုး သမီးများနေ့တွင် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များအတွက် ထောက်ပံ့ငွေများ ပေးအပ်ကြသည်။ ဆက်လက်၍ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အဆင့်မြင့်ပညာအဆင့် လူရည်ချွန်များ၊ အခြေခံပညာအဆင့် လူရည်ချွန်များ၊ အဆင့်မြင့်ပညာအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများ၊ အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများနှင့် အကြိမ်ရေအများဆုံး အမျိုးသမီးသွေး လှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ချီးမြှင့်ငွေများ ပေးအပ်ကြသည်။
ထို့နောက် မြန်မာအမျိုးသမီးများနေ့ဂုဏ်ပြု ဗီဒီယိုအားပြသပြီး ရခိုင်ပြည်နယ် ယဉ်ကျေးမှုအဖွဲ့မှ လှပျိုဖြူများက “ရခိုင်စာဂီ ထိန်းကတ်လီ” သီချင်းဖြင့် ကပြဖျော်ဖြေကြရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် ဥက္ကဋ္ဌတို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၏ (၁)နှစ်တာအတွင်း လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်း ဓာတ်ပုံပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည့် ပြည်နယ်အဆင့် စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍမြှင့်တင်ရေးအတွက် အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရအနေဖြင့် စားရေရိက္ခာဖူလုံရေးနှင့် တိုင်းပြည်သာယာဝပြောရေးဟူ၍ အမျိုးသားရေးရည်မှန်းချက် (၂) ရပ်ကို ချမှတ်ထားရှိကြောင်း၊ ရခိုင်ပြည်နယ် အတွင်းရှိ ပြည်သူအများစုမှာ ကျေးလက်ဒေသအတွင်း နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ထိထိရောက်ရောက် အောင်မြင်အောင် ဆောင်ရွက်ပါက ဝင်ငွေများတိုးတက်လာပြီး လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စားရေရိက္ခာဖူလုံရေးအတွက် ခြုံငုံသုံးသပ်ရလျင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သား/ငါး၊ ကုန်စည်စီးဆင်းမှုနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးသည် အဓိကကျသည့်အတွက် သက်ဆိုင်ရာဌာနများမှ မိမိတို့လုပ်ဆောင်ရမည့် ကိစ္စရပ်များကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ဆောင်ရွက်ကြရန်နှင့် လိုအပ်ချက်များကိုလည်း မိမိတို့ ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အဆင့် စားရေရိက္ခာဖူလုံရေးနှင့်စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ မြှင့်တင်ရေးအတွက် အထောက် အကူပြု ဗဟုသုတဆိုင်ရာ Video Clipနှင့် Power Point များကိုရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့်လုပ်ငန်းရှင်များက ပြည်နယ်အဆင့် စားရေရိက္ခာ ဖူလုံရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍမြှင့်တင်ရေးအတွက် ဆွေးနွေးတင်ပြကြပြီး ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့မှ ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများကလည်း Video Conference စနစ်ဖြင့် တက်ရောက်ဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၂ ရက်နေ့ ညနေပိုင်းကစစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်၊ ဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်း၌ ယာယီနေရပ် စွန့်ခွာပြည်သူများ အေးချမ်းစွာနေထိုင် စားသောက်နိုင်ရေးအတွက် လူနေဆောင်များ၊ ထမင်းချက်ဆောင်များနှင့် ရေအိမ်များ ဆောက်လုပ်ပြီးစီးနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လမ်းမတော်မြောက်ရပ်ရွက်၌ ဒေသခံပြည်သူများ စားရေရိက္ခာ ဖူလုံရေးအတွက် သားငါးများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချနေမှုကို လှည့်လည်ကြည့်ရှု ကြပြီး ဈေးဝယ် လာကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သူနာပြုသိပ္ပံ(စစ်တွေ) ဆိုင်းဘုတ်အသစ် ဆောက်လုပ်နေမှု အားလည်းကောင်း၊ ရှုခင်းသာလမ်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားရုံး အနောက်ဘက်ရှိ မြေကွက်လပ်တွင် အများပြည်သူစိတ်အပန်းဖြေနားနေရန်အတွက် မြေယာရှုခင်းအလှ ဆောင်ရွက်နေမှုတို့ကို လည့်လည်ကြည့်ရှုစစ်ဆေးကြရာ သက်ဆိုင်ရာတာဝန်ရှိသူများကရှင်းလင်းပြသကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကိုမှာကြားကာ သတ်မှတ်စံချိန်စံညွှန်းအတိုင်း အချိန်မီပြီးစီးရေး စနစ်တကျ ဆောင်ရွက်သွားကြရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)