မြိတ် ဇူလိုင် ၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအတွက် ဖွင့်လှစ်လျက်ရှိသော ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
သင်တန်းကို တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ တရားဥပဒေစိုးမိုးမှု ရရှိစေရေး၊ ဥပဒေအသိပညာရရှိစေရေးတို့တွင် အခြေခံအကျဆုံး အုပ်ချုပ်သူများဖြစ်သည့် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ချုပ်ရေးမှူးများကို ဥပဒေအသိပညာပေးခြင်းအားဖြင့် တိုင်းဒေသကြီးအစိုရအဖွဲ့နှင့် နိုင်ငံတော်အတွက် အထောက်အပံ့ကောင်းများဖြစ်စေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်း ဖြစ်သည်။
သင်တန်း၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေနှင့် အုပ်ချုပ်ရေးနည်းဥပဒေများ၊ လောင်းကစားဥပဒေ၊ လောင်းကစားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေနှင့်နည်းဥပဒေများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေနှင့် နည်းဥပဒေများ၊ ရာဇသတ်ကြီးနှင့် ရာဇဝတ်ကျင့်ထုံးဥပဒေ စသည့်ဘာသာရပ်များကို ဇူလိုင်(၁)ရက်နေ့မှ (၃)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသား မြိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (၃၄) ဦး တက်ရောက်ခဲ့ကြသည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည်ဟိန်းကျော်က သင်တန်းဆင်းအမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးဇေယျအောင်က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းသားများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်ဥပဒေအရာရှိတို့က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကြကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)