မုံရွာ ဇူလိုင် ၄
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လိူင်မြင့်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက မြန်မာနိုင်ငံတွင် နိုင်ငံလူဦးရေနှင့် ထက်ဝက်ကျော်ရှိသည့် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါပြီး နိုင်ငံ တကာနှင့် အာဆီယံဒေသအဆင့်ဆင့်တွင် အမျိူးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သဘောတူညီချက် များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အဆင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးကော်မတီနှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း အမျိုးသမီး ကော်မတီကို အဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက်ထားရှိကာ မြန်မာနိုင်ငံအတွင်းမှာရှိသည့် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန်နှင့် ကဏ္ဍတိုင်းတွင် အမျိုးသမီးများအနေဖြင့် အမျိုးသားများနှင့်တန်းတူ အခွင့်အရေးများရရှိစေရန်အတွက် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများနှင့် အမျိုးသမီးများ အပေါ်အကြမ်းဖက်မှု ကြိုတင် ကာကွယ်တားဆီးရေး လုပ်ငန်းများအား တာဝန်ရှိသူအားလုံးမှ ကျယ်ကျယ်ပြန့်ပြန့် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးနှင့် အခမ်းအနားသို့ တက်ရောက်လာသူများက မြန်မာ အမျိုးသမီးများနေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်မှ အသိအမှတ်ပြု ဂုဏ်ပြုခံရခြင်းခံရသည့် အမျိုးသမီး (၄) ဦးအား ဂုဏ်ပြုဆုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယကမှ စာရေး ဆရာမ ဒေါ်သက်သက်နွယ်နှင့် အလွတ်တန်း စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား ဂုဏ်ပြုဆုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက အလွတ်တန်းပန်းချီပြိုင်ပွဲ၊ အခြေခံစာစီစာကုံး၊ အခြေခံပန်းချီပြိုင်ပွဲနှင့် အသိပညာအမေးအဖြေပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား ဂုဏ်ပြုဆု လက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးနှင့် အခမ်းအနားသို့ တက်ရောက်လာသူများက သူနာပြုသိပ္ပံ (မုံရွာ)မှသင်တန်းသူများ၏ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ခန်းမအတွင်းခင်းကျင်းပြသထားသည့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများနှင့် ၂၀၂၆ ခုနစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ဆုရ စာစီစာကုံး၊ ပန်းချီများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)