ပင်လောင်းမြို့နယ်၌ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဆင်းပွဲပြုလုပ်

ပင်လောင်း ဇူလိုင် ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်ဥပဒေချုပ်ရုံးတို့၏ ညွှန်ကြားချက်များနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥပဒေရုံး၏ကြီးကြပ်မှုဖြင့် မြို့နယ်ဥပဒေရုံးမှ ဖွင့်လှစ်သော ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ကို ဘက်စုံသုံးခန်းမ၌ ဇူလိုင်လ ၂ ရက်နေ့မှ ၃ ရက်နေ့ မွန်းလွဲပိုင်းထိ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ယနေ့မွန်းလွဲ ၂ နာရီအချိန်က သင်တန်းဆင်းပွဲပြုလုပ်ရာ သင်တန်းဆင်းပွဲတွင် သင်တန်းတက်ရောက်လာကြသည့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ  အုပ်ချုပ်ရေးမှူး (၄၄)ဦးအား မြို့နယ်ဥပဒေအရာရှိ ဒေါ်သော်တာလမင်းထွန်းက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေနှင့်နည်းဥပဒေများ၊ လောင်းကစားဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနှင့် နည်းဥပဒေများ၊ ရာဇသတ်ကြီး၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေစသည်တို့ကို သင်ကြားပို့ချပေးသွားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)