တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့တက်ရောက်

ထားဝယ် ဇူလိုင် ၄

ယနေ့တွင်ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက မြန်မာအမျိုးသမီးများနေ့တွင် တိုင်းဒေသကြီးအတွင်း၌ရှိသော အမျိုးသမီးများအပါအဝင် မြန်မာအမျိုးသမီးများအားလုံးကို လှိုက်လှဲစွာဂုဏ်ပြုပါကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသမီးများအားလုံး ဖွံ့ဖြိုးတိုး တက်စေရေးနှင့် စွမ်းဆောင်ရည် မြင့်မားရေးတို့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင်ဖွဲ့စည်းခဲ့ပြီး အမျိုးသမီးများအရေးကို အဓိကထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လေးစား ဂုဏ်ယူဖွယ်ရာ စွမ်းဆောင်ရည်ရှိသော မြန်မာအမျိုးသမီးများကို ဂုဏ်ပြုသောအားဖြင့် ၁၉၉၈ ခုနှစ်မှစ၍ ဇူလိုင်လ (၃) ရက်နေ့ရောက်တိုင်း မြန်မာအမျိုးသမီးများနေ့ အခမ်းအနားများကို နိုင်ငံတော်အဆင့်သာမက တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (CEDAW) ပါ ပြဌာန်းချက်များနှင့် အကြံပြုသုံးသပ်ချက်များ၊ ဘေဂျင်းလုပ်ငန်းစီမံချက်နှင့်အညီ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) ကို ရေးဆွဲအတည်ပြုခဲ့ပြီး ဖြစ်သောကြောင့် စီမံကိန်းပါ လုပ်ငန်းနယ်ပယ် (၁၂) ရပ်ကို သက်ဆိုင်ရာဌာနများ၊ အစိုးရအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော မိတ်ဖက်အဖွဲ့အစည်းများအားလုံးက အလေးထားပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့်ပတ်သက်ပြီး လက်မခံသောမူဝါဒကို လက်ကိုင်ထား ဆောင်ရွက်လျက်ရှိသည့်နှင့်အညီပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီကို ဖွဲ့စည်းထားရှိပြီးလုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျား/မ တန်းတူညီမျှမှုရှိရန်နှင့် မြန်မာအမျိုးသမီးများ၏ အခွင့် အရေးများကို ပိုမိုမြှင့်တင်ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် ဘက်ပေါင်းစုံက တတ်နိုင်သရွေ့ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို အမျိုးသမီးထုကြီးနှင့်အဖွဲ့အစည်းများကလည်း သက်ဆိုင်ရာကဏ္ဍအသီးသီးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် (သိပ္ပံ၊ဝိပ္ပံ၊ဝိဇ္ဇာ) ဘာသာတွဲများ၌ တိုင်းဒေသကြီးအတွင်းအမှတ် အများဆုံး ရရှိသည့် အမျိုးသမီး (၃) ဦးအား ဆုချီးမြှင့်ပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးမြတ်ကိုက အာဆီယံ Sea Game ပြိုင်ပွဲတွင် ဆုရရှိသည့်အမျိုးသမီး အားကစားသမား (၃) ဦးအား ဆုချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က သာသနာရေးဆိုင်ရာ ထူးချွန်ဆုရရှိသူ အမျိုးသမီး (၂) ဦးအား ဆုချီးမြှင့်ပြီး မြန်မာအမျိုးသမီးများနေ့ မှတ်တမ်း Video ပြသနေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ကြည့်ရှုအားပေးကာ ဆုရရှိသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ကျော်လတ်