ထားဝယ်မြို့၌ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ထားဝယ် ဇူလိုင် ၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ထားဝယ်မြို့၊ Polytechnic University (Dawei) တွင် ကျင်းပသည်။

ဟောပြောပွဲတွင် ထားဝယ်မြို့နယ် သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရဲဝင်းအောင်က ရက်ပေါင်း(၁၀၀) စီမံချက်အရ မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးရေး၊ သစ်တောထိန်းသိမ်းရေး၊ သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးများ၊ ဇီဝမျိုးစုံ၊ မျိုးကွဲများ၏ သိကောင်းစရာများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြောင်းအရာများအား အသိ ပညာပေး ဆွေးနွေးဟောပြောပြီး ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး(၂) ဦးကျော်ဇင်လင်းထိုက်က ဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းများအကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် လိုက်နာရမည့် အချက်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ၊ လမ်းညွှန်လမ်း အမှတ်အသား၊ အချက်ပြများ၊ ဆောင်ရန်၊ ရှောင်ရန်များနှင့် သိရှိလိုက်နာရမည့် အချက်များအား ရှင်းလင်းဆွေးနွေးဟောပြောသည်။

ထို့နောက် အမှတ် ၇၄ ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူးသန်းဇော်ဝင်းက ကျောင်းသား/သူများအနေဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းဝေးစေပြီး အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ဟောပြောရခြင်းဖြစ်ကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ကျောင်းသား/သူများနှင့် ပြည်သူအားလုံး၏ လိုက်နာပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်းနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအကြောင်း အသိပညာပေး ဆွေးနွေးဟောပြောသည်။

ဆက်လက်၍ တက်ရောက်လာသော ကျောင်းသား/သူများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရသည်။

ကျော်ကျော်လတ်