မြိတ်မြို့တွင် ထိုင်းဘာသာစကားပြော (အခြေခံ) သင်တန်းဖွင့်လှစ်

မြိတ် ဇူလိုင် ၄

တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်ခရိုင်အတွင်း ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြိတ်မြို့၌ ထိုင်းဘာသာစကားပြော(အခြေခံ)သင်တန်းကို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မြိတ်ရုံးခွဲ) နှင့် AKM Vocational Thai Language Center ၊ Myeik ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက  Hotel Grand Jade ခန်းမတွင် ဖွင့်လှစ်သည်။

သင်တန်းကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ထိုင်းနိုင်ငံမှ ခရီးသွား ဧည့်သည်များနှင့် ထိရောက်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ရန်နှင့် မြိတ်ခရိုင်ရှိ ဟိုတယ်၊ တည်းခိုရိပ်သာနှင့် ခရီးသွားကုမ္ပဏီများရှိ ဝန်ထမ်းများအား ထိုင်းဘာသာစကားပြောကို ကျွမ်းကျင်စွာပြောတတ်စေရန်နှင့် ထိုင်းဗျည်းအက္ခရာများကို ရေးတတ်နားလည်တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်သည်။

ထိုင်းဘာသာစကားပြော (အခြေခံ) သင်တန်းကို  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးပြည်ဟိန်းကျော်က အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းစတင်ခဲ့သည်။ သင်တန်းကို ဇူလိုင် (၂) ရက်မှစတင်ကာ ရက်ပေါင်း (၄၀) ရက်၊ နာရီပေါင်း(၆၀)နာရီ ဖွင့်လှစ်သင်ကြား‌ပေးသွားမည်ဖြစ်သည်။

သင်တန်းကို ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ခရီးသွားဝန်ဆောင်မှု ဆက်စပ်လုပ်ငန်းများမှ သင်တန်းသား( ၄၂ )ဦးတက်ရောက်ခဲ့ကြပြီး ထိုင်းဘာသာ စကားပြော  level 1 သင်ခန်းစာများကို AKM Vocational Thai Language Center ၊ Myeik မှ အခမဲ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)