ဘုတ်ပြင်း ဇူလိုင် ၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီကြီးကြပ်မှုဖြင့် ခရိုင်ဥပဒေရုံးမှ ဦးဆောင်၍ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းကို ယနေ့နံနက်(၉)နာရီက ဘုတ်ပြင်းခရိုင်စုပေါင်းရုံး အစည်းအဝေးခန့်မ၌ ကျင်းပသည်။
အခမ်းအနားတွင် ဘုတ်ပြင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးကတော့ ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့နေရသည့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးယန္တရားရဲ့ အခြေခံအကျဆုံး အုတ်မြစ်တွေဖြစ်သလို ပြည်သူနဲ့အစိုးရအကြား ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေးနေကြသူများဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများရဲ့ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး၊ ဥပဒေအသိပညာ ကြွယ်ဝရေးဟာ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ်တို့သာမက တစ်နိုင်ငံလုံးရဲ့ တရားဥပဒေစိုးမိုးရေးကို တိုက်ရိုက်သက်ရောက်မှုရှိကြောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် အုပ်ချုပ်ရေးကဏ္ဍတွင် အခြေခံအကျဆုံးနေရာတွင်ရှိပြီး ပြည်သူများနှင့် အမြဲထိတွေ့ဆက်ဆံနေသူများဖြစ်ကြောင်း၊ ယခုသင်တန်းက ဥပဒေအသိပညာများ ရရှိပြီး မိမိတို့ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းကာလအတွင်း သင်ကြားပို့ချမည့် ဥပဒေဘာသာရပ် ဗဟုသုတများကို မိမိတို့၏ ရပ်ကွက်၊ ကျေးရွာအုပ်စုမှာရှိသော ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ကျေးရွာတာဝန်ခံများကို လက်ဆင့်ကမ်းပြန်လည်ပို့ချရမှာဖြစ်သည့် အတွက် အလေးထားလေ့လာမှတ်သားသင်ယူကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ခရိုင်ဥပဒေအရာရှိ ဦးအောင်မောင်မောင်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ သင်တန်းတွင် မြို့နယ်ဥပဒေအရာရှိနှင့် တာဝန် ရှိသူများက ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေး သင်တန်းသား၊ သင်တန်းသူ(၅၄)ဦးအား ဇူလိုင်လ ၃ ရက်နေ့မှ ၅ ရက်အနေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)