ကလေးမြို့၌ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားနှင့် ဆုပေးပွဲ ကျင်းပ

ကလေး ဇူလိုင် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ၂၀၂၆ ခုနှစ် ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကလေးမြို့၊ မင်္ဂလာဥယျာဉ်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဦးစွာ ကလေးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်သဇင်မျိုးက မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံ၊ အမျိုးသမီးများ၏ လူမှုဘဝ တိုးတက်မြင့်မားရေးဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ တိုင်းရင်းသားဝတ်စုံများဖြင့် ဝတ်ဆင်ပြသခြင်း၊ ရှောင်စောန်းချင်းတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့မှ ဝါးညှပ်ကဖြင့် ကပြခြင်း၊ မှုံရွှေရည်သီချင်းဖြင့် အရွယ်သုံးပါးကပြခြင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။

ဆက်လက်၍ မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူများကို ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၃၅၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)