နမ့်စန်(တ) ဇူလိုင်-၃
ရှမ်းပြည်နယ်တောင်ပိုင်း ၊နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင်နှစ်(၃၀)ပြည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသူများအား ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်ခန်းမတွင် ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်လဲ့လဲ့အောင်က ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သည့် နှစ်(၃၀)ပြည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်ဂုဏ်ဆောင် ဂုဏ်ထူးရ ထူးချွန်ကျောင်းသူများ၏ ကံ ၊ ဉာဏ်၊ ဝီရိယတို့ဖြင့် ကြိုးပမ်းမှုကို ဂုဏ်ယူစွာဖြင့် ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပါကြောင်း၊ ယနေ့ ထူးချွန်ထက်မြက်သည့် သမီးငယ်များမှသည် နောင်အနာဂတ်တွင် တိုင်းပြည်အတွက်အားထားရသော လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာကြမည်ဟု ယုံကြည်ပါကြောင်းနှင့် မိမိမြို့ရွာအတွက် ဂုဏ်ဆောင်နိုင်ရုံသာမက နိုင်ငံတော်အတွက် အဖိုးတန်သော မျိုးဆက်သစ် လူရည်ချွန်များဖြစ်အောင် ဆက်လက်ကြိုးပမ်းကြစေလိုကြောင်း အမှာစကားပြောကြား ခဲ့သည်။
ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လဲ့လဲ့အောင်က ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် အထက(မြို့မ)ကျောင်းမှ မဖြူစင်ကြယ်အား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းသီတာနွယ်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက (၄)ဘာသာဂုဏ်ထူးရှင် ကျောင်းသူ(၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၅)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင်(၂၀)ဦး၊ စုစုပေါင်း(၂၇)ဦးတို့ကို ဂုဏ်ပြုငွေ ဂုဏ်ထူးတစ်ဘာသာလျှင် ငါးသောင်းကျပ်နှုန်းစီနှင့် ဂုဏ်ပြုမှတ်တမ်းတို့ကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ထူးချွန်ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။
သူရအောင်(နမ့်စန်)