မြိတ်တက္ကသိုလ်တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မြန်မာ့ရိုးရာအစားအစာရောင်းချပွဲ၊ လှပဝေစည် တနင်္သာရီ တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုပြပွဲနှင့် နှီးနှောဖလှယ်ပွဲ ကျင်းပ

မြိတ်    ဇူလိုင်   ၃

၂၀၂၆ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ အစားအစာ ရောင်းချပွဲ၊ လှပဝေစည် တနင်္သာရီ တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်မှုပြပွဲနှင့် နှီးနှောဖလှယ်ပွဲ မြိတ်တက္ကသိုလ် ရင်ပြင်နှင့် ဘွဲ့နှင်းသဘင်ခန်းမတွင် ဇူလိုင်(၃)ရက် နံနက်ပိုင်းက ကျင်းပသည်။

ဦးစွာ မြန်မာ့ရိုးရာ အစားအစာရောင်းချပွဲကို မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးဦး၊ မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းအိ၊ မြိတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်မဥ္ဇူဝင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြပြီးရောင်းချလျက်ရှိသော မြန်မာ့ရိုးရာအစားအစာများအား ကြည့်ရှုအားပေးကြသည်။

ထို့နောက် မြိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော လှပဝေစည် တနင်္သာရီ တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုပြပွဲနှင့် နှီးနှောဖလှယ်ပွဲ ဆက်လက်ကျင်းပရာ တက္ကသိုလ်အနုပညာအသင်းမှ “မင်္ဂလာပါ” သီချင်းဖြင့် ဖျော်ဖြေဖွင့်လှစ်ကြသည်။ ဆက်လက်၍ တက္ကသိုလ်ဘာသာရပ်ဌာနအသီးသီးမှ ကျောင်းသား/သူများမှ တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုကို ဖျော်ဖြေတင်ဆက်ကြရာ မြိတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ကြသည်။

ယင်းနောက် ၂၀၂၆ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား မြိတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ နှင့် တာဝန်ရှိ သူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )