မိုင်းပျဉ်းမြို့၌ မြန်မာအမျိုးသမီးများနေ့အခမ်းအနား ကျင်းပ

မိုင်းပျဉ်း ဇူလိုင် ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ၂၀၂၆ ခုနှစ် ဇူလိုင်လ (၃) ရက် နံနက် (၉) နာရီက အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်နန်းခမ်းဆွေက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး‌ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် “ အမျိုးသမီးများ၏ စွမ်းအားနှင့် ဂုဏ်သိက္ခာအကြောင်း” ကို ဆွေးနွေးဟောပြောသည်။ ထို့နောက် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ယဉ်ကျေးလိမ္မာသင်တန်းတွင် ဆုရရှိကြသော ကျောင်းသား၊ကျောင်းသူများအား အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးပြီး၊ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အဆိုပါ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်ကလေးနှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကျောင်းသား၊ကျောင်းသူများ စုံလင်စွာတက်ရောက်ကြပြီး၊ အခမ်းအနားအပြီးတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသော လူနာများအား အာဟာရပစ္စည်းများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)