မူဆယ်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုး

မူဆယ် ဇူလိုင် ၃

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်ပင်စိုက်ပျိုးပွဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံသစ်ဝန်းအတွင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လွင်လွင်အောင်၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အဆင့်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ဆေးရုံဝန်ထမ်းများက စုပေါင်း၍ ဆေးရုံဝန်းအတွင်း အရိပ်ရစေရန်နှင့် သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။

ယနေ့တွင် ချယ်ရီ၊ သစ်လှ၊ စိန်ပန်း၊ ထိုင်ဝမ်ဗန်ဒါ၊ ခရေ၊ ကျောက်ခက်၊ ပိန္နဲ၊ ကံ့ကော်၊ မျောက်ငို (ချင်းဒညင်း) စသည့် ပျိုးပင်စုစုပေါင်း (၁၆၅) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်