မိုင်းနောင်မြို့၌ (ဒုတိယ) အကြိမ် ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မိုင်းနောင် ဇူလိုင် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းနောင်မြို့၌ သစ်တောဦးစီးဌာနနှင့် မိုင်းနောင်တပ်နယ်တို့ ပူးပေါင်း၍ ပြည်သူများအား သစ်တော၊ သစ်ပင်၏တန်ဖိုးများကို သိရှိနားလည်စေရန်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးကို အလေးထားတတ်စေရန်၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် (၇) နာရီအချိန်က ထူပါရုံဘုရားပတ်ဝန်းကျင်နှင့် မိုင်းနောင်တပ်နယ်များတွင် (ဒုတိယအကြိမ်) စုပေါင်းသစ်ပင်စိုက်ပျိုးပွှဲတော်ကို ကျင်းပခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ မိုင်းနောင်တပ်နယ်မှူး ဗိုလ်မှူးကြီး မင်းသိန်းကျော်မှ ခြေလျင်တပ်ရင်းအသီးသီးမှ တာဝန်ရှိသူများနှင့် မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းအားလည်းကောင်း၊ တောအုပ်ဦးဆန်းဝင်းက ဌာနဆိုင်ရာများနှင့် ရှမ်းစာပေနှင့် ယဥ်ကျေးမှုအသင်းနှင့် နမ့်ခုံးရှမ်းများပရဟိတအသင်းများမှ တာဝန်ရှိသူများအား ပျိုးပင်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ၂၀၂၆ ခုနှစ် (ဒုတိယအကြိမ်) စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ မိုင်းနောင်တပ်နယ်မှ အရာရှိစစ်သည်များနှင့် ရဲမေများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ မိဘပြည်သူများက ခါတော်မီ (၃၀) ပင်၊ စိန်ပန်းနီ (၁၀၀) ပင်၊ စိန်ပန်းပြာ (၁၀၀) ပင်၊ ပနားမားငု (၂၀၀) ပင်နှင့် စိန်တံချူ (၂၀၀) ပင်၊ စုစုပေါင်းပျိုးပင် (၆၃၀) ပင်တို့ကို ပျော်ပျော်ပါးပါး စုပေါင်းစိုက်ပျိုးကြကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)