ကျောက်တံခါးမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (ခင်တို) ၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

ကျောက်တံခါး ဇူလိုင် ၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း (ခင်တို) ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း (ခင်တို) မှ ကျောင်းအုပ်ဆရာကြီး ဦးနိုင်ဝင်းဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းက လူငယ်များ အသိပညာဗဟုသုတများ ပိုမိုတိုးတက်လာစေရန်နှင့် ပရိတ်သတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများ ရရှိလာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းစိုးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ အခြေခံပညာအလယ်တန်းကျောင်း (ခင်တို) မှ (Grade-8) ကျောင်းသူ မရွှေရည်မြတ်သူက လူငယ်နှင့်ဆိုရှယ်မီဒီယာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Grade-7) ကျောင်းသား မောင်လင်းထက်အာကာက လူငယ်နှင့်စည်းကမ်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Grade-9) ကျောင်းသား မောင်ငွေဇင်ဖြိုးဦးက လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Grade-8) ကျောင်းသူ မကြယ်စင်ဝိုင်းက လူငယ်နှင့်အပေါင်းအသင်း ခေါင်းစဉ်ဖြင့်လည်းကောင်း (Grade-8) ကျောင်းသူ မဆုမြတ်ထွေးက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေးခဲ့သူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)