မိုင်းကိုင် ဇူလိုင် ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လွတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်တင်ဦးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ဥပဒေအရာရှိ ဦးငြိမ်ချမ်းထက်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး သက်ဆိုင်ရာဌာနအသီးသီးမှ ဌာနဆိုင်ရာ သင်တန်းနည်းပြများက မိမိတို့ကဏ္ဍအလိုက် သင်ကြားပို့ချပေးခဲ့ကြသည်။ အဆိုပါသင်တန်းတွင် နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်ရည်မှန်းချက်များ၊ ရပ်/ကျေးအုပ်ချုပ်ရေး ဥပဒေနှင့်နည်းဥပဒေများ၊ မူးယစ်ဆေးဝါးဥပဒေဆိုင်ရာသိမှတ်ဖွယ်ရာများ၊ လောင်းကစားဆိုင်ရာ ဥပဒေများ၊ မြေယာစီမံခန့်ခွဲခြင်းဆိုင်ရာများ၊ စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးလုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၊ မွေးမြူရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ သမဝါယမလုပ်ငန်းဆိုင်ရာအသိပညာများကို ဇူလိုင်လ၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ သက်ဆိုင်ရာဌာနအသီးသီး၏ သင်တန်းနည်းပြများက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချော(မိုင်းကိုင်)