ဟိုပုံး ဇူလိုင် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ဆင်းပွဲကို ဇူလိုင်လ(၁)ရက်နေ့က ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်ဥပဒေအရာရှိ ဒေါ်ထက်ဝင့်မော်က ဥပဒေရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ဥပဒေချုပ်ရုံး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥပဒေရုံး၏လမ်းညွှန်မှုဖြင့် ယခုသင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ဥပဒေနှင့်ပတ်သက်သည့်အသိပညာများကို ယခင်ကထက်ပိုမိုသိရှိနိုင်မည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူးများမှတဆင့် ပြည်သူတွေကိုဥပဒေအသိပညာပြန့်ပွားနိုင်ရေးအတွက် သင်တန်းပို့ချရခြင်းဖြစ်ကြောင်း ပြောကြားသည်။ အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူး (၂ဝ) ဦးတက်ရောက်ခဲ့ပြီး ဇွန်လ ၂၉ ရက်နေ့မှ လ ၃၀ ရက်နေ့ထိ သင်တန်းပို့ချပေးခဲ့ကြောင်းသိရသည်။
သင်တန်းတွင် ၂၀၀၈ ခုနှစ်ဖွဲစည်းပုံအခြေခံဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ လောင်းကစားဥပဒေနှင့် လောင်းကစားဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများအစရှိသည့် ဥပဒေများကို မြို့နယ်ဥပဒေအရာရှိနှင့် ဒုတိယမြို့နယ်ဥပဒေအရာရှိများကပိုချခဲ့ကြောင်းနှင့် သင်တန်းဆင်းလက်မှတ်များလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)