ကျိုင်းတုံ ဇူလိုင် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းဖြစ်သော အစားအစာနှင့်အဖျော်ယမကာဝန်ဆောင်မှုသင်တန်းဖွင့်ပွဲကို ဇူလိုင် ၁ ရက် နံနက် ၁၀ နာရီက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနသင်တန်းကျောင်း (ကျိုင်းတုံ)တွင် ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ကျိုင်းတုံရုံးခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဆန်းလင်းက ကျိုင်းတုံဒေသသို့ ပြည်တွင်း/ပြည်ပခရီးသွားများအား ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရေး၊ ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့ကောင်းမွန်သော ခရီးသွားလုပ်ငန်းအဖြစ်ရပ်တည်နိုင်ရေးတို့အတွက်ရည်ရွယ်၍ ယခုသင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသား၊သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချမည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်ခန်းစာများကို လုပ်ငန်းခွင်များတွင် လက်တွေ့အသုံးချနိုင်ရေးနှင့် အခြေခံအရည်အချင်းများရရှိရေးကြိုးစွားသင်ယူကြရန် အမှာစကားပြောကြားပြီး သင်တန်းနည်းပြဆရာမ ဒေါ်ယဉ်သူဟန်က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းသို့ ဟိုတယ်၊စားသောက်ဆိုင်များမှဝန်ထမ်းများနှင့် စိတ်ပါဝင်စားသူ ဒေသခံတိုင်းရင်းသားများ စုစုပေါင်း ၄၅ ဦးတက်ရောက်ပြီး သင်တန်းကာလ ၄ ပတ်ကြာဖြင့် အခမဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)