ကွန်ဟိန်း ဇူလိုင် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း(ကွန်ဟိန်း)မှ ကျောင်းသား/ကျောင်းသူများနှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်စေရေးအတွက် စာရေးဆရာ မောင်စည်သူ(အဖျောက်)ရေးသားသည့် တာဝန်သိစိတ် တာဝန်ယူစိတ်ကလေးဝတ္ထုတိုများစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းအား စာဖတ်သူတိုးပွါးလာစေရန်၊ အားလပ်ချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်၊ ဗဟုသုတများဖလှယ်သည့် အလေ့အထများတိုးပွါးလာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်လက်ထောက်-(၃) ဒေါ်သဲမာက စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာပေမှတဆင့် အသိပညာဗဟုသုတများ ပြည့်စုံသည့်လူငယ်များဖြစ်လာစေရန်အတွက် စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက စာဖတ်ဝိုင်းတွင် အတုခိုးမမှားဖို့၊ စာပေအသိ၊ တာဝန်ယူစိတ် တာဝန်သိစိတ်စသည့် ခေါင်းစဉ်များကို ကဏ္ဍအလိုက်အပြန်အလှန်ဖတ်ကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)