မောက်မယ် ဇူလိုင် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၁ရက်နေ့မွန်းလွဲ ၂ နာရီက အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)၊ နှင်းဆီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မောက်မယ်မြို့နယ်ပညာရေးမှူး ဒေါ်အေးမြင့်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်ခိုင်ဦးက ကျောင်းသား/သူလူငယ်၊ လူရွယ်လေးများအား မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်မောင်းနှင်စဉ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာသိရှိလိုက်နာရမည့်အချက်များ၊ ဂရုပြုရမည့်လမ်းညွှန်အမှတ်အသားများ၊ ယာဉ်မောင်းနေစဉ် အရက်သေစာသောက်စားပြီး မောင်းနှင်ခြင်းမပြုရန်၊ ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုန်းအသုံးမပြုရန်၊ နှစ်ဦးထက်ပိုမိုတင်ဆောင်ခြင်းမပြုရန်နှင့် ကျောင်းသား/သူများအနေဖြင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဆောင်ရန်ရှောင်ရန်အချက်များဖြစ်သည့် မော်တော်ဆိုင်ကယ်စီးသူများ အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များဆောင်းရန်၊ မေးသိုင်းကြိုးများတပ်ဆင်ရန်၊ လမ်း၏ ယာဘက်တွင်ကပ်၍ မောင်းနှင်ကြရန်၊ မော်တော်ဆိုင်ကယ်များတွင် ဘေးတွဲတပ်ဆင်အသုံးပြုခြင်း ကို တရားဝင်ခွင့်ပြုထားခြင်းမရှိ၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးကို ထိခိုက်စေ ပြီးဆိုးကျိုးနှင့် အသက်အန္တရာယ်များစွာဖြစ်ပေါ်လာနိုင်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့မ စခန်းမှူး ဒုရဲမှူးမြင့်မောင်က မှုခင်းကျဆင်းရေးအသိပညာပေးအကြောင်းစသည်တို့ကို ရှင်းလင်းဟောပြော၍ တက်ရောက်လာကြသည့် ကျောင်းသား/သူများက သိရှိလိုသည့်အချက်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြည့်စွက်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
နန်းမိုခမ်း(ပြန်/ဆက်)