လားရှိုး ဇူလိုင် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သူနာပြုသင်တန်းကျောင်းတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်များပြသဆောင်ရွက်ခြင်းကို ဇူလိုင် ၁ရက်နေ့က အဆိုပါကျောင်း၌ ကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် ရှေးဦးစွာ သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်(စီမံ) ဒေါ်နန်းခမ်းနွမ်းယုက အမှာစကားပြောကြားပြီး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းနေလှိုင်က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ရရှိနိုင်သည့် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ခန္ဓာကိုယ်ပိုင်း၊ လူမှုရေးဆိုင်ရာဆိုးကျိုးအန္တရာယ်များအကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း လူငယ်လူရွယ်များကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းဆောင်ရွက်ပေးခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးနံရံကပ်စာစောင်အားပြသခဲ့ရာ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား၊သင်တန်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)