နမ့်စန်(တ) ဇူလိုင် ၃
ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေသည် ဇူလိုင် ၁ ရက်နေ့ နံနက် ၁၁ နာရီတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိဖြို့ဖများနှင့်တွေ့ဆုံ၍ မြို့ရွာသန့်ရှင်းသာယာလှပရေး၊ လမ်းဘေး ဝဲယာတွင် အရိပ်ရသစ်ပင်များ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ တိုးတက်မြင့်မားရေးနှင့် အခြားဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပြီး ကျောင်းအခြေပြုဘင်ခရာသင်တန်းဖွင့်လှစ်နိုင်ရန်အတွက် အလှူငွေ ၅သိန်းကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကာ ပန်းခြံအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်မည့် သီရိမင်္ဂလာပန်းခြံနေရာကို ကွင်းဆင်းကြည့်ရှု ခဲ့ သည်။
ထို့နောက် နေ့လယ် ၁၂နာရီခွဲ ချိန်တွင် ပြည်နယ် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဦးလင်းအောင်ဆွေသည် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက နမ့်စန်မြို့နယ်၊ မက်မွန်မုန်းကျေးရွာအုပ်စု၊ နမ့်မော်ခေါက်ဆင့်ကျေးရွာရှိ တောင်သူဦးမောင်ပွင့်၏ အစေ့ထုတ်ပြောင်းစိုက်ခင်း (၁၀)ဧက တွင် ဆောင်ရွက်သည့် မျိုးစေ့၊ မြေဩဇာထောက်ပံ့ပေးအပ်ခြင်းနှင့် အစေ့ထုတ်ပြောင်းသီးနှံ စံပြကွက်စိုက်ခင်းကွင်းပြပွဲသို့ တက်ရောက်အမှာစကားပြောကြား၍ ဒေသခံတောင်သူများကို DU-12(စပါးမျိုးစေ့)၊ နေကြာ(ရေဆင်းစပ်မျိုး-၁)၊ စမ်းသပ်စိုက်ပျိုးရန် ပေါ်ဆန်းရင် စပါးမျိုး၊ ပဲပုတ် (ရေဆင်း-၁၅) နှင့်ယူရီးယား၊ ကွန်ပေါင်းဓာတ်မြေဩဇာများကို တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပြီး အစေ့ထုတ်ပြောင်းသီးနှံစံပြကွက်စိုက်ခင်းကွင်းပြပွဲဆောင်ရွက်မှုကို ကြည့်ရှုအားပေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ဦးလင်းအောင်ဆွေသည် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများနှင့်အတူအမှတ်(၁)ရပ်ကွက်ရှိ နမ့်လတ်ချောင်းရေစီးဝင်သည့် ရေငုပ်ဂူနေရာများသို့သွားရောက်၍ နှစ်စဉ်ရေကြီးရေလျှံမှုမဖြစ်ပွားစေရေးအတွက် နမ့်လတ်ချောင်းပေါ်တွင် နုန်းထိန်းကွန်ကရစ်ဆည် တည်ဆောက်ခြင်းနှင့် ရေငုပ်ပေါက်(၃)နေရာအား သံဇကာတပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုကာ သက်ဆိုင်ရာတာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီး ဦးလင်းအောင်ဆွေသည် နမ့်စန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၁/၂၀၂၆) တက်ရောက်နေကြသည့် ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ မိတ်ဆက် အမှာစကား ပြောကြားကာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် သက်ဆိုင်ရာဌာနအဆင့်ဆင့်၏ ကြီးကြပ်ညွှန်ကြားမှုများကိုလိုက်နာကာ လုပ်ငန်းစွမ်းဆောင်ရည်များမြင့်မား၍ ဒေသအကျိုး၊ ပြည်သူ့အကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်ကြစေရေး လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ဦးလင်းအောင်ဆွေသည် မွန်းလွဲ ၂နာရီခွဲတွင် တာဝန်ရှိသူများနှင့်အတူ အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း(ခွဲ)လေတပ်သို့ သွားရောက်၍ သက်ဆိုင်ရာဌာနအကြီးအကဲများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများနှင့် တွေ့ဆုံကာ ကျောင်းသား/ကျောင်းသူများ သန့်ရှင်းသော သောက်သုံးရေလုံလောက်စွာရရှိသုံးစွဲနိုင်ရေး၊ အေးချမ်းပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးနှင့် ကျောင်းသား/ကျောင်းသူအင်အား တိုးတက်များပြားအောင် စည်းရုံးဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာကြား၍ ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားနေမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီး ဦးလင်းအောင်ဆွေသည် မြို့နယ်ပြည်သူ့ဆေးရုံသို့သွားရောက်၍ မြို့နယ်ဆရာဝန်ကြီးဒေါက်တာမျိုးမင်းခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုအခြေအနေအား ကြည့်ရှုအားပေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ညနေ ၃ နာရီခွဲချိန်တွင် ပြည်နယ်ဝန်ကြီးသည် နမ့်စန်ကျေးရွာအုပ်စုတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဝမ်ကျောင်း-လွိုင်ကုန်လမ်း(၂ဖာလုံ)ကတ္တရာခင်းခြင်းနှင့် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနက ကတ္တရာထောက်ပံ့မှုဖြင့် မြို့နယ်စည်ပင်သာယာရေးဌာနက ဆောင်ရွက်လျက်ရှိသည့် ကိုယ့်အားကိုယ်ကိုး ဝမ်ကျောင်း-လွိုင်ကုန်လမ်း(၆ဖာလုံ)ကတ္တရာခင်းခြင်း လုပ်ငန်း ဆောင်ရွက်သည့်နေရာများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)