ကျောက်မဲမြို့၌ ရက် (၁၀၀) ကာလအတွင်း ပြည်သူ့အကျိုးပြု ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

​ကျောက်မဲ ဇူလိုင် ၃

​ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၌ ရက် (၁၀၀) ကာလအတွင်း ပြည်သူ့အကျိုးပြု ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က   အထက (၁) ကျောင်း သီရိရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းသားကျောင်းသူ ၂၀၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

​အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးဇော်ဇော်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ပညာရေးမှူး ဒေါ်ခင်ဌေးက အမှာစကား ပြောကြားသည်။

​ထို့နောက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ရုံး (ကျောက်မဲ) မှ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်လင်းနှင့် ဝန်ထမ်းများ၊ စစ်ဆေးရေးမှူး ဦးမြင့်မြတ်စိုးအောင်နှင့် ကျောက်မဲခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၁၂၄) မှ တပ်ဖွဲ့စုမှူး ရဲအုပ်နေလင်း၊ ရဲအုပ် ဝေဖြိုးမောင်တို့က မော်တော်ယာဉ်နှင့် ဆိုင်ကယ်မောင်းနှင်ရာတွင် လိုက်နာရမည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် အခြားလိုက်နာရမည့် စည်းကမ်းချက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြသည်။

​ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခြင်းကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြရာ မှန်ကန်စွာ ဖြေကြားနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

​ထို့ပြင် အဆိုပါအခမ်းအနားတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ဝေသည့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း တက်ရောက်လာကြသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

​ခရိုင် (ပြန်/ဆက်)