မြိတ်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်လှစ်

မြိတ်    ဇူလိုင်   ၂

တနင်္သာရီတိုင်းဒေသကြီး  မြိတ်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား အကျင့်စာရိတ္တကောင်းမွန်ပြီး အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင် ရွက်တတ်သည့် အုပ်ချုပ်ရေးမှူး/အုပ်ချုပ်ရေးဝန်ထမ်းကောင်းများ ဖြစ်လာစေရန်အတွက် မြိတ်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ် (၁/၂ဝ၂၆)ကို ယမန်နေ့က ပုလဲရတနာခန်းမတွင် ဖွင့်လှစ်သည်။

သင်တန်းကို နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ လုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်ပြီး လိုက်နာပူးပေါင်းဆောင်ရွက်လာနိုင်စေရန်၊ ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များအား နားလည်ပြီး ပေးအပ်သော လုပ်ငန်းတာဝန်များအပေါ် အဂတိကင်းစွာ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လာနိုင်စေရန်၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း ပြည်သူလူထုများ၏ အမှန်တကယ်လိုအပ်ချက်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ တင်ပြနိုင်သည့်အရည်အသွေးများရှိလာစေရန်ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်သည်။

သင်တန်းဖွင့်ပွဲတွင် မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးဦးက အမှာစကားပြောကြားသည်။ သင်တန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေအခြေခံ၊ နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ ရည်မှန်းချက်များ၊ ရပ်/ကျေးအုပ်ချုပ်ရေး ဥပဒေနှင့်နည်းဥပဒေများနှင့် ဌာနဆိုင်ရာများမှ ကဏ္ဍအလိုက် လုပ်ငန်းများနှင့်လုပ်ထုံးလုပ်နည်းများ စသည့် ဘာသာရပ်များကို ဇူလိုင်(၁)ရက်မှ(၂၈)ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြိတ်၊ တနင်္သာရီနှင့် ပုလောမြို့များမှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တက်ရောက်ကြကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )