ဘုတ်ပြင်းမြို့၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး အထွက်ကောင်းမျိုးစပါး ပေးအပ်

ဘုတ်ပြင်း    ဇူလိုင်  ၂

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်များရှိ   စံပြကျေးရွာတောင်သူများနှင့်အကျိုးဆောင် တောင်သူများအား မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး အထွက်ကောင်းမျိုးစပါး ပေးအပ်ပွဲကို ဇူလိုင် ၂ ရက် မွန်းလွဲပိုင်းက ဘုတ်ပြင်းမြို့ သပြေခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဘုတ်ပြင်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီက မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် လယ်ယာလုပ်ငန်းကို တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ တစ်ဧကအထွက်နှုန်းတိုးတက်မြင့်မားစွာ ရရှိရေးအတွက် တောင်သူများအနေဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး ရေ၊မြေဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးနည်းစနစ်တွေကိုလည်းဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ စံပြကျေးရွာများနှင့်အကျိုးဆောင်တောင်သူများအနေဖြင့် မိုးစပါးပန်းတိုင်အထွက်နှုန်းများရရှိစေရေးအတွက် အထွက်ကောင်းမျိုးစပါးများ ထောက်ပံ့ပေးလျက်ရှိရာ တောင်သူများ တစ်ဧကအထွက်နှုန်းတိုးတက်ရေးကို ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက်ဘုတ်ပြင်းမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးညွန့်ဝင်းက အထွက်ကောင်းမျိုးစပါး ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက်ဘုတ်ပြင်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးမှူးတို့က ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄)စုမှ အကျိုးဆောင်တောင်သူ(၈၅)ဦး၏ မျိုးစပါးစိုက်ဧက  ၄၂၅ ဧက အတွက် ဆင်းသုခမျိုးစပါး တင်း  (၃၀၀)၊ ပေါ်ဆန်းရင်မျိုးစပါး(၈၅)တင်း၊ အောင်နိုင်တိုးမျိုးစပါး တင်း (၄၀) ပေးအပ်ခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)