ထားဝယ် ဇူလိုင် ၂
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အမျိုးသမီးရေးအဖွဲ့ နှင့် မိခင်နှင့်ကလေး စောက်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍အားကစားအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စပယ်သွင်က “ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသကဲ့သို့နောင်ကျရင်နယ်ပယ်အသီးသီး၌ဦးစီးဦးဆောင်ပြုရမည့်သူများဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့်လူငယ်များကိုတန်ဖိုးရှိသော လူသားအရင်းအနှီးများအဖြစ် မျှော်မှန်းပြီးပြုစုပျိုးထောင်ပေးလျက်ရှိကြောင်း၊ လူငယ်များကိုယ်တိုင်ကလည်းမိမိကိုယ်မိမိတန်ဖိုးရှိသော လူသားများဖြစ်အောင်ကျင့်ကြံကြိုးကုတ် အားထုတ်ကြရန်လိုအပ် ကြောင်း၊ကျောင်းသားလူငယ်များအနေဖြင့် အားကစားအားလေ့လာလိုက်စားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများတို့က ဆရာ/မများ၊ ကျောင်းသား/သူများနှင့်အတူ Physical fitness Dance စုပေါင်းလှုပ်ရှား ကျန်းမာရေးလေ့ကျင့်ခန်းပြုလုပ်ခဲ့ကြပြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက ကျောင်းတွင်အသုံးပြုနိုင်ရန်အတွက် အားကစား ပစ္စည်းများအားလည်းကောင်း၊ အမျိုးသမီးရေးအဖွဲ့ နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ က သန်ုရှင်းရေးသုံးပစ္စည်းများအားလည်းကောင်း ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီးက လက်ခံယူသည်။
အခမ်းအနားသို့ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသမီးရေးအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/မများ၊ ကျောင်းသား /သူများတက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)