စစ်တွေ ဇူလိုင် ၂
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားလူငယ်များအတွက် လက်ရက်ကန်း (၆)လ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက ရခိုင်တိုင်းရင်းသားများသည် ရခိုင်ရိုးရာ လက်ရက်ကန်း စင်မှ ရက်လုပ်သော လှပသည့် ရခိုင်လုံချည်(ဒယော/ခယောက်)၊ ရခိုင်ထမီများကို ရှေးပဝေသနီကတည်းက ရက်လုပ်ဝတ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း၊ ရခိုင်လုံချည်အဆင်များသည် လှပခိုင်ခံ့ပြီး ပွဲနေပွဲထိုင် ဝတ်ဆင်ရန် အလွန်ကောင်းမွန်သော အဆင်များဖြစ်ကြ၍ လူအများကြိုက်နှစ်သက်ပြီး အလွန်ဈေးကွက်ဝင်သော အထည်များလည်းဖြစ်ကြောင်း၊ ယခုအခါ ဒေသအခြေအနေအရ ရခိုင်ရိုးရာလက်ရက်ကန်းများ ရက်လုပ်သည့် ဒေသများတွင် လက်ရက်ကန်းများ မရက်လုပ်နိုင်ခြင်း ဖြစ်ကြောင်း၊ မျိုးဆက်သစ် လက်ရက်ကန်း ရက်လုပ်သူများ မပေါ်ပေါက်လာပါက ရခိုင်ရိုးရာ လက်ရက်ကန်း ပညာများသည်လည်း တိမ်ကောသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင်း ရခိုင်တိုင်းရင်းသား လူငယ်များအတွက် လက်ရက်ကန်း(၆)လ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ မိမိတို့၏ ရခိုင်လုံချည် ရက်လုပ်ခြင်းများ မပျောက်ပျက်အောင် ပိုမိုတိုးတက်ကောင်းမွန်သော ရခိုင်လုံချည်ဒီဇိုင်းများ ရက်လုပ်နိုင်အောင် ဆက်လက်ကြိုးစားကြရန်နှင့် ဒေသအတွင်း MSME ရက်ကန်းကုန်ထုတ်လုပ်ငန်း ထုတ်လုပ်ရောင်းချပြီး ဈေးကွက်ရရှိအောင် ဆောင်ရွက်နိုင်သော လုပ်ငန်းရှင်းငယ်လေးများ ပေါ်ထွန်းလာနိုင်အောင် ကြိုးစားအားထုတ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လက်ရက်ကန်း(၆)လ သင်တန်းအတွက် ချီးမြှင့်ငွေကျပ် သိန်း နှစ်ရာတိတိအား ပေးအပ်ချီးမြှင့်ရာ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးက လက်ခံရယူသည်။ ဆက်လက်ပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကက လက်ရက်ကန်း(၆)လသင်တန်းအတွက် သင်ထောက်ကူပစ္စည်းများပေးအပ်ရာ သင်တန်းသူများကိုယ်စား သင်တန်းသူနှစ်ဦးက လက်ခံရယူကြသည်။
ဆက်လက်၍ ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက လက်ရက်ကန်း(၆)လ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်ကြားမည့် ဘာသာရပ်များအား ရှင်းလင်းတင်ပြပြီး ၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ရခိုင်ပြည်နယ်ယဉ်ကျေးမှုအကအဖွဲ့မှ ဖျော်ဖြေတင်ဆက်ခဲ့သည့် “အယသမင်္ဂီယိမ်း” ဗွီဒီယိုကလစ်အားပြသသည်။
နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ပြည်နယ်အစိုးရ အဖွဲ့ရုံး၊ ဝန်ကြီးချုပ်ဧည့်ခန်းမ၌ စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Mr. Abdullah AL Razi အဖွဲ့အားလက်ခံတွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သောကြောင့် နှစ်နိုင်ငံအကျိုးစီးပွားအတွက် အပြန်အလှန် ထိတွေ့ဆက်ဆံလျက်ရှိသော ကိစ္စများ၊ နှစ်နိုင်ငံအကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးရေး ကိစ္စများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး