ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး မိုးရာသီအခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲတက်ရောက်

စစ်တွေ    ဇူလိုင်  ၂

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ မိုးရာသီ အခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁ ရက် ညနေပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ကျင်းပခြင်းအားဖြင့် ကျောင်းသားများ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်လာစေရန်၊ အားကစားကို လေ့လာလိုက်စားခြင်းဖြင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းများကို ရှောင်ရှားနိုင်ရန်၊ ရခိုင်ပြည်နယ်ကိုယ်စားပြု အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်စသော ရည်ရွယ်ချက်များဖြင့် ပြုလုပ်ကျင်းပ ပေးခြင်းဖြစ်ကြောင်း၊ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံပညာ ကျောင်းများမှာ အားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အားကစား ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး ပံ့ပိုးကူညီပေးခြင်း၊ နိုင်ငံတော် အဆင့်နှင့် ပြည်နယ်အဆင့် အထိမ်းအမှတ်နေ့များတွင်လည်း သက်တန်းအလိုက် အားကစားနည်းများအား ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း၊  အခြေခံပညာကျောင်းများရှိသည့် ကာယဆရာ၊ ဆရာမများအနေဖြင့် မိမိကျောင်းသား၊ ကျောင်းသူများ အားကစားကို စိတ်ဝင်စားလာအောင် စည်းရုံးသိမ်းသွင်းပြီး အားကစားစိတ်ဓါတ်မြင့်မားလာအောင် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ယနေ့ကျင်းပသည့် အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲသည် လူငယ်လူရွယ်များ၏ ကိုယ်ကာယကြံ့ခိုင်မှုဖွံ့ဖြိုး တိုးတက်လာစေရေး၊ အခြေခံပညာကျောင်းများ၌ ပညာသင်ကြားသည့်အရွယ်တွင် ကိုယ်လက်လှုပ်ရှားမှုများနှင့် အားကစားဆောင်ရွက်မှုများကို စနစ်တကျ လုပ်ဆောင်လာစေရေး၊ လူငယ်လူရွယ်များ၏ စိတ်ဓာတ်၊ စည်းကမ်းများ ကောင်းမွန် လာစေရေး စသောအကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ မိုးရာသီ အခြေခံပညာကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲကို အောင်အောင်မြင်မြင်နှင့် ပြိုင်ပွဲပြီးဆုံးအောင် ကျင်းပပြီးစီးနိုင်ရေးအတွက် ကျင်းပရေးကော်မတီ တာဝန်ရှိသူများမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေး  ကြစေလိုကြောင်း၊  ပြိုင်ပွဲဝင် ကျောင်းသားများအနေဖြင့် ယခုကျင်းပသည့် ဘောလုံးပြိုင်ပွဲတွင် အားကစား စိတ်ဓါတ်အရင်းတည်ပြီး သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားကြရန် လိုအပ်ကြောင်း၊ တာဝန်ရှိ ဒိုင်လူကြီးများအနေဖြင့် ဘက်မလိုက်ဘဲ မှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊  သက်ဆိုင်ရာကျောင်းများအလိုက် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် အားကစားစိတ်ဓါတ်ကိုအရင်းခံ၍ တရားသော ယှဉ်ပြိုင်ခြင်းဖြင့် အနိုင်ရရှိသည်အထိ ကြိုးစားယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကတို့က ပြိုင်ပွဲဝင်အသင်းများအား အားကစားပစ္စည်းများ ပေးအပ်ကြသည်။ ထို့နောက် ပြိုင်ပွဲဝင် အားကစားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီး ပြိုင်ပွဲဝင် ကစားသမားများ ပြန်လည်ထွက်ခွာကြသည်။

ယင်းနောက် ၂၀၂၆ ခုနှစ်၊ မိုးရာသီအခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို စတင်ရာ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းဘောလုံးအသင်းနှင့်အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ဘောလုံးအသင်းတို့ယှဉ်ပြိုင်ကစားကြရာ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းဘောလုံးအသင်းက တစ်ဂိုး ဂိုးမရှိ အနိုင်ရရှိခဲ့ကြောင်းသိရသည်။

၂၀၂၆ ခုနှစ်၊ မိုးရာသီအခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံပြိုင်ပွဲကို ဇူလိုင် ၁ ရက်မှ ၂၃ ရက်ထိ ပြိုင်ပွဲဝင်ဘောလုံးအသင်း (၁၁) ဝင်ရောက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး အားကစားဝါသနာရှင်မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)၊  ဓာတ်ပုံ- ဝင်းမင်းစိုး