ကျိုင်းတုံ ဇူလိုင် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က ယန်းခကျေးရွာတွင် ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ကြသည်။
ထို့သို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်နှင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ကျိုင်းတုံပြည်သူ့ဆေးရုံးကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ယန်းခကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများအား သွေးတိုး၊ ဆီးချို၊ နှလုံး၊ အသည်း၊ အရိုး၊ အကြော၊ အဆစ်၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ သားဖွားမီးယပ်ဆိုင်ရာရောဂါများ၊ သွားနှင့်ခံတွင်းရောဂါများ၊ ခွဲစိတ်မှုဆိုင်ရာရောဂါများနှင့် စိတ်ကျန်းမာရေးဆိုင်ရာရောဂါများကို ကွင်းဆင်းကုသမှုပေးခဲ့ရာ လူနာစုစုပေါင်း (၂၉၃)ဦး ဆေးကုသမှုခံယူခဲ့ကြပါသည်။ အဆိုပါ ကွင်းဆင်းဆောင်ရွက်ပေးနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းဟုန်၊ ကျိုင်းတုံအထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာ တိုးမောင်း၊ ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာအိအိဝင်းနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီးလိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။ ထို့အပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အမျိုးသမီးရေးရာအဖွဲ့တာဝန်ခံ ဒေါ်ခင်စန္ဒာဦးနှင့် တာဝန်ရှိသူများက ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)