မအူပင် ဇူလိုင် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (ToT)ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ မွန်းလွဲ (၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးကျော်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ဥပဒေအရာရှိ ဦးဝေဟင်မှ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားတိုင်းတရားဥပဒေ စိုးမိုးမှုရရှိစေရေး၊ နိုင်ငံသားတိုင်းဥပဒေ အသိပညာရရှိစေရေး၊ ဥပဒေ၏ အကာအကွယ်ကို အညီအမျှရရှိစေရေးတို့အား ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်ကျော့ကေခိုင်မှ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒ၊ နည်းဥပဒေများ၊ လောင်းကစားဥပဒေနှင့် လောင်းကစားဥပဒေဆိုင်ရာလုပ်ထုံး လုပ်နည်းများ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ ရာဇသတ်ကြီးနှင့် ရာဇဝတ်ကျင့်ထုံး ဥပဒေများအား သင်ကြားပို့ချလျက်ရှိသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးကျော်၊ ခရိုင်ဥပဒေအရာရှိ ဦးဝေဟင်၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ကျော့ကေခိုင်နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး သင်းတန်းနည်းပြ မြို့နယ်ဥပဒေအရာရှိ ဒေါ်ကျော့ကေခိုင်မှ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး (၈၈) ဦးအား မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီးသင်တန်းကာလမှာ ဇူလိုင်လ (၁) ရက် နေ့မှ (၃) ရက်နေ့ထိဖြစ်ကြောင်းသိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)