ပဲခူးမြို့၌ မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် “ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲနှင့် ပဒေသာကပွဲ " အခမ်းအနားကျင်းပ

ပဲခူး ဇူလိုင် ၂

ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့က ကြီးမှူး၍ ၂ဝ၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် “ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲနှင့် ပဒေသာကပွဲ" အခမ်းအနားကို ယမန်နေ့က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်စိုးစိုးသက် တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီသီစိုးက အဖွင့်နှုတ်ဆက်စကားပြောကြားပြီး ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ သာယာဝတီခရိုင်၊ ပြည်ခရိုင်၊ နတ်တလင်းခရိုင်အမျိုးသမီးရေးရာအဖွဲ့များနှင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ ကိုယ်စားပြု အမျိုးသမီးငယ်လေးများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာ (အထောက်ကူပြုအဖွဲ့)၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ ကိုယ်စားပြု ခေတ်မှီလှပ ဥဿာပျိုမေတို့အလှ” အမျိုးသမီးငယ်လေးများက တေးသီချင်းများ၊ တေးသရုပ်ဖော်များ၊ ပြဇာတ်များဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ထို့နောက် နိုင်ငံကျော်အဆိုတော် တေးသံရှင် ဝင်းလဲ့ချယ်ရီနှင့် တေးသံရှင် နန်းထိုက်ရွှေစင်တို့က ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြပြီး ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်စိုးစိုးသက်က အခမ်းအနားဖြစ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးသော ကော်မတီဝင်များအား ဂုဏ်ပြုပန်းခြင်း ချီးမြှင့်ကာ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးခဲ့သည်။

ယင်းနောက် အလှူရှင်၊ စေတနာရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)