တောင်ကြီး ဇူလိုင် ၂
၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ရှမ်းပြည်နယ်လှယဉ်ကျေးမယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့၊ မွန်းလွဲပိုင်းက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့်ဇနီး၊ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ တက္ကသိုလ်/ဒီဂရီကောလိပ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူက အဖွင့်အမှာစကားပြောကြားရာတွင် လှယဉ်ကျေးမယ်ပြိုင်ပွဲကို ကျန်းမာကြံ့ခိုင်သော မြန်မာအမျိုးသမီးလေးများဖြစ်လာစေရန်၊ ကာယလေ့ကျင့်ခန်းများကို လေ့ကျင်းပေးခြင်းအားဖြင့် ရှိရင်းစွဲပင်ကိုအလှကို ပို၍လှပလာစေရန်နှင့် ကျန်းမာရေးအတွက် ကာယလေ့ကျင့်ခန်းများကို လေ့ကျင့်လိုက်စားရာမှ အားကစားကိုချစ်မြတ်နိုးသည့်စိတ်များ ပေါ်ပေါက်လာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာပြီး ချစ်ခင်ရင်းနှီးပျော်ရွှင်စွာဖြင့် မိမိတို့၏ အရည်အချင်းများကို အကောင်းဆုံးထုတ်ဖော်ပြသယှဉ်ပြိုင်ကစား သွားကြရန်နှင့် အကဲဖြတ်ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်ကင်းစွာဖြင့် တရားမျှတစွာ ဆုံးဖြတ်သွားကြရန် ပြောကြားသည်။
ထို့နောက် လှယဉ်ကျေးမယ်ပထမအဆင့် ပြိုင်ပွဲကိုကျင်းပရာ ရှမ်းပြည်နယ်အတွင်းရှိ တက္ကသိုလ်/ ဒီဂရီကောလိပ်နှင့် သူနာပြု/သားဖွားသင်တန်းကျောင်းများမှ ပြိုင်ပွဲဝင်လှယဉ်ကျေးမယ် (၂၉)ဦးတို့က သတ်မှတ်ကိုယ်ဟန်များ၊ စိတ်ကြိုက်ကိုယ်ဟန်များဖြင့် ယှဉ်ပြိုင်ကြသည်။ ပထမအဆင့် ပြိုင်ပွဲအပြီးတွင် အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက “ရိုးရာအမွေအနှစ်ထိန်းသိမ်းကြစို” တေးသီးချင်းဖြင့်လည်းကောင်း၊ တောင်ကြီးတက္ကသိုလ် မြန်မာစာ ဌာနမှ မဟာအရည်အချင်းစစ်သင်တန်းကျောင်းသူ မမေသူဝင်းက “မြန်မာအမျိုးသမီးများနေ့” တေးသီးချင်းဖြင့်လည်းကောင်း၊ ရုက္ခဗေဒဌာနမှ တတိယနှစ် ဂုဏ်ထူးတန်းကျောင်းသူ မစုယဉ်ယဉ်ဝင်းက “အလှကမ္ဘာမြေ” တေးသီးချင်းဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ပေး ကြသည်။ ဆက်လက်၍ လှယဉ်ကျေးမယ် ဒုတိယအဆင့်ပြိုင်ပွဲအား ဆက်လက်ကျင်းပရာ ပထမအဆင့်ပြိုင်ပွဲမှ ဆန်ခါတင်ရွေးချယ်ခံရသည့် ပြိုင်ပွဲဝင်အလှမယ်(၁၀)ဦးတို့က သတ်မှတ်ကိုယ်ဟန်များ၊ စိတ်ကြိုက်ကိုယ်ဟန်များဖြင့် ဆက်လက်ယှဉ်ပြိုင်ကြသည်။ ယင်းနောက် တောင်ကြီးပညာရေးဒီဂရီ ကောလိပ်မှကျောင်းသူလေးများက "က္ကုတ္ထိယပန်းခင်း"သီချင်းဖြင့် လည်းကောင်း၊ တောင်ကြီး တက္ကသိုလ် မြန်မာစာဌာနမှ မဟာအရည်အချင်းစစ်သင်တန်းကျောင်းသူ မမေသူဝင်းက “ပန်းပန်ရင် နန်းစံမယ်” တေးသီချင်းဖြင့်လည်းကောင်း၊ ရုက္ခဗေဒဌာနမှ တတိယနှစ် ဂုဏ်ထူးတန်းကျောင်းသူ မစုယဉ်ယဉ်ဝင်းက “ယောသူတို့ရွာ” တေးသီချင်းဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြပြီး၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ဖျော်ဖြေရေးတွင် ပါဝင်ကူညီခဲ့ကြသူများအား ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ချီးမြှင့်ပေးသည်။
ထို့နောက် ရှမ်းပြည်နယ်လှယဉ်ကျေးမယ်ပြိုင်ပွဲအတွက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ ဇနီး ဒေါ်ခိုင်ဇာလင်းနောင်နှင့် ပြည်နယ်လူမှု ရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူတို့ ကလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ချီးမြှင့် ပေးသည်။ ယင်းနောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူက မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် လှယဉ်ကျေးမယ်ပြိုင်ပွဲကျင်းပခြင်းနှင့် စပ်လျဉ်း၍ ကျေးဇူးတင်ဇကား ပြန်လည် ပြောကြားပြီး ပြိုင်ပွဲဝင် လှယဉ်ကျေးမယ်(၂၄)ဦးအား ငွေကျပ်(၂)သိန်းစီ ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ နှစ်သိမ့်ဆု(၂)ရရှိသည့် သားဖွားသင်တန်းကျောင်းမှ ပြိုင်ပွဲဝင်အမှတ်စဉ်(၁၂) နန်းလောဝ်ငင်းအား နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်ထိုက်ထိုက်လွင်က လည်းကောင်း၊ နှစ်သိမ့်ဆု(၁)ရရှိသည့် သားဖွားသင်တန်းကျောင်းမှ ပြိုင်ပွဲဝင်အမှတ်စဉ်(၅) မစုပြည့်ဇော်အား ဆေးတက္ကသိုလ်(တောင်ကြီး) ပါမောက္ခချုပ် ဒေါက်တာသဲနုထွေးက လည်းကောင်း၊ တတိယဆုရရှိသည့် နည်းပညာတက္ကသိုလ်(တောင်ကြီး)မှ ပြိုင်ပွဲဝင်အမှတ်စဉ်(၁) မဧခခေတ်အောင်ချိုအား ဆုဖလားရုပ်ထု၊ ငွေသားဆုတို့ကို တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသီသင် ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် တောင်ကြီးပညာရေးဒီဂရီကောလိပ်မှ ပြိုင်ပွဲဝင်အမှတ်စဉ်(၂၃)အား ဆုဖလားရုပ်ထု၊ ငွေသားဆုတို့ကို ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ ဇနီး ဒေါ်ခိုင်ဇာလင်းနောင်ကလည်းကောင်း၊ ပထမဆုရရှိသည့် တောင်ကြီးတက္ကသိုလ်မှ ပြိုင်ပွဲဝင် အမှတ်စဉ်(၄) မဆုကဗျာလွင်အား သရဖူ၊ နှင်တံ၊ စလွယ်၊ ဆုဖလားရုပ်ထု၊ ငွေသားဆုတို့ကို ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူကလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထက်ဝေ(ပြန်/ဆက်)