မိုင်းဆတ် ဇူလိုင် ၂
နိုင်ငံတော်အုပ်ချုပ်ရေးမဏ္ဍိုင်၏ အခြေခံအကျဆုံးအုပ်မြစ်ဖြစ်သော ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးစိုးရွှေက ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ စွမ်းဆောင်ရည်ပြည့်ဝရေး၊ ဥပဒေ၊ နည်းဥပဒေပြဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏မူဝါဒနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရေး၊ ပြည်သူများနှင့်ဆက်ဆံရေးကောင်းမွန်စေရေးတို့နှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ အဆိုပါ သင်တန်းဖွင့်ပွဲသို့ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး (၃၅)ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဘာသာရပ်(၁၅)ခုနှင့် အခြားဌာနဆိုင်ရာ(၁၆)ခုတို့က ဇူလိုင် ၁ ရက်မှ ၂၈ ရက်နေ့အထိ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)