မက်မန်းမြို့တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း(၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကျင်းပ

မက်မန်း  ဇူလိုင်   ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပ၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း(၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မက်မန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပြုလုပ်ခဲ့သည်။  

ရှေးဦးစွာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ အတွင်ရေးမှူး ဦးကျော်မြင့်လှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းတွင်ပို့ချမည့်ဌာနများမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ဥပဒေရုံး၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအသီးသီးအလိုက် စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်သည်။

အဆိုပါအခမ်းအနားသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ အတွင်ရေးမှူး၊ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးညီညီလွင်နှင့်အဖွဲ့ဝင်များ၊ မက်မန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခမ်းလူ၊ မြို့နယ်စီမံခန့်ခွဲရေးနင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့်အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ တက်ရောက်ခဲ့ကြသည်။

သင်တန်းကာလမှာ ဇူလိုင်လ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ သင်တန်းသား (၂၆)  ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)